ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ Mate 40 စီးရီး ဖြန့်ချိပွဲကွန်ဖရင့်မှာ Huawei ရဲ့ Consumer Business CEO Yu Chengdong က အမေရိကန်ရဲ့ ပိတ်ပင်မှုတွေအကြောင်းနဲ့ ကုမ္ပဏီရဲ့ တုံ့ပြန်မှုနဲ့ အနာဂတ်အကြောင်းကို အတော်လေး အချိန်ပေးပြီး ပြောသွားခဲ့ပါတယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ မမျှတတဲ့ပိတ်ပင်မှုတွေကြောင့် အလွန်ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်ခဲ့ရကြောင်း ဝန်ခံခဲ့ပေမယ့် Huawei ဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုတွေကို ဆက်လုပ်ဆောင်ဖို့၊ သုံးစွဲသူတွေအတွက် အကောင်းဆုံးနည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေ ယူဆောင်လာဖို့၊ လူတွေရဲ့နေထိုင်မှုဘဝကို တိုးတက်လာစေဖို့၊ လူတိုင်းရဲ့ အလုပ်ငန်းစွမ်းဆောင်ရည်ပိုင်း တိုးတက်လာစေဖို့ ဆက်ပြီးကြိုးစားနေကြောင်း ကတိပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ပိတ်ပင်မှုမှာတော့ အမေရိကန်နည်းပညာကို အသုံးပြုထားတဲ့ System-on-Chips, memory, flash memory နဲ့ အခြားအစိတ်အပိုင်းတွေလည်း ပါဝင်လာတာကြောင့် Huawei အတွက် အရှိုက်ထိခဲ့တယ်လို့ ဆိုရမှာပါ။ ဂျပန်နဲ့ ကိုရီးယား Supplier တွေက ဒီအတွက် အမေရိကန်ဆီ ခွင့်ပြုလိုင်စင်လျှောက်ထားခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့ဖြေရှင်းမှုတော့ မဟုတ်ခဲ့ပါဘူး။

Huawei ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် နည်းမျိုးစုံကြံဆနေပုံရပြီး၊ မကြာခင်ကပဲ သူ့ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကို Digital China ဆီ ရောင်းချဖို့ ညှိနှိုင်းနေကြောင်း သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒီ အရွေ့ဟာ တကယ်ပဲဖြစ်နိုင်ပြီး ထင်မှတ်မထားတဲ့ ထွက်ပေါက်တစ်ခု၊ ဖြေရှင်းမှုတစ်ခုကို ဖန်တီးလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။

Ref: Gizmochina