နာမည်ကြီး ကားကုမ္ပဏီ ဟွန်ဒိုင်းဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်က ဂန်နန် ဒေသမှာ Level 4 မောင်းသူမဲ့ RoboRide ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။ Hyundai Ioniq 5 လို့ နာမည်ပေးထားပြီး လက်ရှိမှာ ကားကို လိုက်ပါ စောင့်ကြည့်မယ့် Safety Driver ၁ ယောက် ပါပါတယ်။

Hyundai RoboRide service

ဆိုးလ် မြို့တော်ဝန်နဲ့ တခြား အာဏာပိုင်တွေဟာ ဂန်နန်က ဟွန်ဒိုင်းရဲ့ မောင်းသူမဲ့ တက္ကစီတွေကို ပထမဆုံး လိုက်ပါစီးနင်းခဲ့ကြပါတယ်။ ဟွန်ဒိုင်းဟာ ဘယ်အချိန်မှာ Safety Driver မပါဘဲ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို ပြေးဆွဲမလဲဆိုတာ လက်ရှိမှာ မသိရသေးပါဘူး။ Ioniq 5 မောင်းသူမဲ့ တက္ကစီမှာ ခရီးသည် ၃ ယောက် အထိ လိုက်ပါ စီးနင်းနိုင်ပါတယ်။

Hyundai RoboRide service

အစပိုင်းမှာ RoboRide ကို ဟွန်ဒိုင်းရဲ့ ဝန်ထမ်းတွေပဲ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ Waymo နဲ့ Cruise တို့လိုပဲ မောင်းသူမဲ့ တက္ကစီတွေကို i.M App ကနေ ခေါ်နိုင်မှာ ဖြစ်ပါတယ်။ i.M App ကို Jim Mobility က ဖန်တီးထားတာ ဖြစ်ပြီး AI အပေါ် အများကြီး မှီခိုထားပါတယ်။ Ioniq 5 ဟာ ဟွန်ဒိုင်းရဲ့ Advanced Driver Assistance System (ADAS) ကို အခြေပြု ဖန်တီးထားတာပါ။ ဟွန်ဒိုင်းရဲ့ အခု စမ်းသပ်ပြေးဆွဲမှုဟာ အချိန်ကာလ ဘယ်လောက်ကြာမလဲဆိုတာ မသိရသေးပါဘူး။

ဆိုးလ်မှာ မြို့နယ် ၂၅ ခု ရှိပြီး RoboRide ကို မြို့နယ် ၁ ခုထဲမှာပဲ ပြေးဆွဲပေးနေတာပါ။ ဘာလို့လည်း ဆိုတော့ တခြား မြို့နယ်တွေက မီးပွိုင့် စနစ်တွေဟာ မောင်းသူမဲ့ ကားတွေနဲ့ မဆက်သွယ်နိုင်သေးလို့ ဖြစ်ပါတယ်။ အခု စမ်းသပ်ပြေးဆွဲမှုကနေရတဲ့ ဒေတာတွေဟာ ပိုကောင်းတဲ့ မောင်းသူမဲ့ ကားတွေ ထုတ်လုပ်ဖို့ ဟွန်ဒိုင်းကို အကူအညီပေးမှာပါ။

Ref : gizmochina