Hyundai က Ioniq 6 အမည်ရ ကုမ္ပဏီရဲ့ ပထမဆုံး ဆီဒင် လျှပ်စစ်ကားကို ကြေညာလိုက်ပါတယ်။ Hyundai ဟာ ဆီဒင် လျှပ်စစ်ကား နယ်ပယ်ကို ဝင်ရောက်လာတာက ဈေးကွက်ကို ကြီးစိုးထားတဲ့ Tesla ကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

Hyundai Ioniq 6 EV Cover

Ioniq 6 ရဲ့ 77.4 Kilowatt -hour ဘက်ထရီဟာ အားအပြည့်သွင်းထားရင် ၆၁၀ ကီလိုမီတာ အကွာအဝေးကို မောင်းနှင်နိုင်ပြီး Hyundai Ioniq 5 ရဲ့ ၄၂၉ ကီလိုမီတာထက် ပိုတိုးတက်လာပါတယ်။ ဒီဇိုင်းအပိုင်းပြောရရင် အနောက်ဘက်ဟာ Porsche Carrera 911S Turbo နဲ့ တူညီပြီး အပြင်ပိုင်း ဒီဇိုင်းဟာ Electrified Streamliner လို့ ခေါ်တဲ့ ဒီဇိုင်း Concept ကို အသုံးပြုထားပါတယ်။

Porsche Carrera 911S Turbo

စွမ်းအင် အပိုင်းမှာ Ioniq 6 မှာ Single-motor Rear-wheel Drive နဲ့ Dual-motor Four-wheel Drive Configuration ကို အသုံးပြုထားပါတယ်။ 300 Horsepower ကို ပိုင်ဆိုင်ထားပြီး ၆၁၀ ကီလိုမီတာ အကွာအဝေးကို မောင်းနှင်နိုင်ပါတယ်။ စွမ်းအင် စားသုံးမှုနှုန်းက 14 kWh/100 Kilometers ဖြစ်ပါတယ်။

Hyundai Ioniq 6 EV Front

Huundai Ioniq 6 ကို ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ထုတ်လုပ်မှာ ဖြစ်ပြီး အမေရိကန်မှာ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ကာ အဲဒီနောက်ပိုင်း တခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Hyundai ဟာ လျှပ်စစ်ကား နယ်ပယ်မှာ ဝမ် ၉၅.၅ ထရီလီယမ် (ဒေါ်လာ ၇၃ ဘီလီယမ်) ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး လက်ရှိနဲ့ ၂၀၃၀ ခုနှစ်အတွင်းမှာ အနည်းဆုံး မော်ဒယ် ၁၇ ခု ထုတ်လုပ်ရောင်းချမှာပါ။ ၂၀၃၀ ခုနှစ် အကုန်မှာ နှစ်စဉ် လျှပ်စစ်ကား အစီးရေ ၁.၈၇ သန်း ရောင်းချဖို့ မျှော်လင့်ထားပါတယ်။ ကုမ္ပဏီဟာ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ လျှပ်စစ်ကား ဈေးကွက်ရဲ့ ၇ ရာခိုင်နှုန်းနဲ့ အမေရိကန် ဈေးကွက်ရဲ့ ၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : gizmochina