Operating System Update တွေမှာ ပြဿနာတွေ ပါလာတတ်ပါတယ်။ ပူပူနွေးနွေး ဖြန့်ချိထားတဲ့ နောက်ဆုံးထုတ် iOS 14 နဲ့ watchOS 7 တို့ဟာလည်း ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဘဲ ပြဿနာတွေ ရှိနေပုံရပါတယ်။ အဲဒီ Update တွေကို တင်လိုက်တဲ့ iPhone နဲ့ Apple Watch တွေမှာ ပြဿနာများစွာ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အွန်လိုင်းမှာ ပြောဆိုနေကြပါတယ်။

အဲဒီ ပြဿနာတွေထဲမှာ ဘက်ထရီ အကုန်မြန်တာ၊ Fitness ဒေတာတွေ ပျောက်နေတာနဲ့ Health App တွေ ဖွင့်မရတာတွေ ပါဝင်နေပါတယ်။ Apple က အဲဒီ ပြဿနာ တချို့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ၁ ခုကို ပြသပေးထားပေမယ့် ဒေတာ‌တချို့ ဆုံးရှုံးနိုင်ပါတယ်။

Apple က Bug တွေကို ပြင်ဆင်ပေးတဲ့ 14.0.1 Update ကို ဖြန့်ချိပေးထားပြီးပြီ ဖြစ်ပေမယ့် အခု ပြဿနာတွေ မပါဝင်ပါဘူး။ Apple ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင် iPhone နဲ့ Apple Watch ကို Unpair လုပ်ပြီး iCloud မှာ Back Up လုပ်ရမှာပါ။ ပြီးရင် iPhone ကို Wipe လုပ်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ Back Up ကနေ iPhone နဲ့ Apple Watch ကို Restore လုပ်ရမှာပါ။

ဒီနည်းအတိုင်း လုပ်ရင် ဆုံးရှုံးစရာတွေ ရှိနိုင်ပါတယ်။ Workout Route Maps နဲ့ တခြား ဒေတာတွေ ပြန်မရနိုင်ဘူးလို့ထင်ပါတယ်။ Apple က အဲဒီ ပြဿနာတွေ ဖြစ်ပွားနေတဲ့ User တွေဟာ နောက်ပိုင်းမှာ ဒေတာတွေ မဆုံးရှုံးစေဖို့ ဒီနည်းအတိုင်း လုပ်ဖို့ အကြံပေးထားပါတယ်။ iOS 14 မတင်ရသေးတဲ့ User တွေဟာ Apple ဒီပြဿနာတွေကို ဖြေရှင်းပြီးတဲ့ အချိန်အထိ စောင့်ဆိုင်းသင့်ပါတယ်။

Ref : theverge