ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယအစိုးရဟာ မိုလ်ဘိုင်း App ၂၅၀ ကျော်ကို အကြောင်းအမျိုးမျိုးကြောင့်၊ လပေါင်းအတန်ကြာ ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လူသိများတာကတော့ တရုတ်−အိန္ဒိယနယ်စပ် ပြဿနာနောက်ပိုင်းမှာ တရုတ် မိုလ်ဘိုင်း App တွေကို စတင်ပိတ်ပင်တာပါ။

အိန္ဒိယအစိုးရက ပိတ်ပင်တဲ့ တရုတ်မိုလ်ဘိုင်း App တွေထဲမှာ လူသုံးများတဲ့ TikTok, WeChat, Baidu, အလီဘာဘာရဲ့ အဓိက browser ဖြစ်တဲ့ UC Browser, Xiaomi နဲ့ သက်ဆိုင်တဲ့ App အချို့နဲ့ ဂိမ်းအတော်များများ ပါဝင်ပါတယ်။ ByteDance ရဲ့ TikTok နဲ့ Tencent ရဲ့ PUBG Mobile App ကိုပိတ်ပင်တာကလည်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါသေးတယ်။

Data Security နဲ့ Privacy အပါအဝင် အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိခိုက်စေတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့တာဖြစ်တဲ့အတွက် ကုမ္ပဏီတွေကလည်း အိန္ဒိယအစိုးရ ကျေနပ်နိုင်လောက်တဲ့ လုံခြုံမှုကို ပြသနိုင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ အထူးသဖြင့် ဒီ App တွေဟာ သုံးစွဲသူအချက်အလက်တွေကို အိန္ဒိယပြင်ပနယ်နိမိတ်တွေဆီ ပို့ဆောင်သိမ်းဆည်းတာက ပြဿနာဖြစ်ခဲ့ပါတယ်။

အခုတော့ အက်ဥပဒေပုဒ်မ ၆၉ (က) အရ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေနိုင်တယ်ဆိုပြီး တရုတ် Application ပေါင်း ၅၉ ခုကို အပြီးတိုင် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ပိတ်ပင်လိုက်တဲ့အကြောင်း ကုမ္ပဏီတစ်ခုချင်းစီကို သီးသန့်အသိပေးအကြောင်းကြားခဲ့တယ်လို့ The Times of India က ဖော်ပြထားပါတယ်။

Ref: GSM Arena