ဆယ်ကျော်သက်တွေကြားမှာ ဂိမ်းစွဲတဲ့ ရောဂါ အရမ်း မြင့်မားနေတာဟာ စိတ်ပူစရာ အနေအထား ဖြစ်နေပါပြီ။ အခုလည်း ဝမ်းနည်းစရာ သတင်း ၁ ပုဒ် တက်လာပြန်ပါပြီ။ အိန္ဒိယက အသက် ၁၆ နှစ်အရွယ် လူငယ်လေး ၁ ယောက်ဟာ PUBG ကို အချိန်များစွာကြာ မရပ်မနား ကစားပြီးနောက် အသက် သေဆုံးသွားခဲ့ပါတယ်။ သူဟာ ကစားနေစဉ်မှာ ထမင်း မစား၊ ဟင်းမစားသလို ရေတောင် မသောက်ခဲ့ပါဘူး။

အဲဒီ လူငယ်ဟာ Andhra Pradesh မှာ နေထိုင်သူ ဖြစ်ပြီး ရေဓါတ် အရမ်း ခမ်းခြောက်လို့ ဒီလို အသက်ပေးလိုက်ရတာလို့ သိရပါတယ်။ သူ သတိလစ်သွားချိန်မှာ မိသားစုက ဆေးရုံကို အမြန်ခေါ်သွားခဲ့ပေမယ့် အသက် မကယ်နိုင်ခဲ့ပါဘူး။

PUBG or PlayerUnknown’s Battlegrounds ဟာ ကမ္ဘာအဝန်းက နာမည်အကြီးဆုံး Battle Royale ဂိမ်းတွေထဲက ၁ ခု ဖြစ်ပြီး မိုဘိုင်းဖုန်း၊ Xbox Console ၊ Windows PC တွေအတွက် ထုတ်လုပ်ပေးထားပါတယ်။ ဒီနှစ် ဇန်နဝါရီလကလည်း အဲဒီ ဂိမ်း အလွန်အကျွံ ကစားလို့ အသက် ၂၅ နှစ် အမျိုးသား ၁ ယောက် သေဆုံးခဲ့ရပါသေးတယ်။ သူဟာ ကစားနေစဉ် ညာဘက် ခြေထောက်နဲ့ လက် မလှုပ်နိုင်ခဲ့ဘဲ လေဖြတ်သလို ဖြစ်ပြီး သေဆုံးသွားတာပါ။

တရုတ်မှာလည်း လူငယ်တွေ ဂိမ်းစွဲတဲ့ ပြဿနာကို အစိုးရက ဖြေရှင်းနေရပါတယ်။ အသက်မပြည့်သေးတဲ့ Gamer တွေကို မျက်နှာ အာရုံခံ နည်းပညာနဲ့ ထောက်လှမ်းစစ်ဆေးနေသလို ဂိမ်းကစားချိန်ကို ကန့်သတ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။

Ref : gizmochina