IDC နဲ့ Counterpoint Research ရဲ့ စစ်တမ်းအရ အိန္ဒိယ စမတ်ဖုန်း ဈေးကွက်ဟာ အကျပိုင်းရောက်နေပြီး ကိုရိုနာဗိုင်းရက်စ်ကြောင့် ၁၃ ကနေ ၁၅ ရာခိုင်နှုန်း အထိ ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စမတ်ဖုန်းဈေးကွက် ဖြစ်ပြီး စမတ်ဖုန်း ကုမ္ပဏီတွေ အပြိုင်အဆိုင် ဈေးကွက်လုနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာ ဗိုင်းရက်စ်ကြောင့် စမတ်ဖုန်း ထုတ်လုပ်တဲ့ စက်ရုံတွေ ပိတ်ထားရတဲ့အတွက် စမတ်ဖုန်း ရောင်းအား ကျဆင်းနေပါတယ်။

စားသုံးသူတွေအနေနဲ့လည်း အလုပ်တွေ ထိခိုက်နေတဲ့အတွက် စမတ်ဖုန်း အသစ် ဝယ်ယူဖို့ဆိုတာ တော်တော် စဉ်းစားနေရပါတယ်။ အခုအချိန်မှာတော့  စမတ်ဖုန်း စက်ရုံတွေ ပြန်ဖွင့်နေပြီ ဖြစ်ပေမယ့် အမြောက်အများ ထုတ်လုပ်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရက အခွန်တိုးမြှင့် ကောက်ခံနေတဲ့အတွက် စမတ်ဖုန်း ဈေးနှုန်းတွေလည်း ပိုမြင့်လာပါတယ်။

ဥပမာ အနေနဲ့ Xiaomi ဟာ တန်ဖိုးနည်း Redmi စမတ်ဖုန်းတွေရဲ့ ဈေးကို ၁ လအတွင်းမှာ ၂ ကြိမ်တောင် တိုးမြှင့်ခဲ့ပါတယ်။ IDC ရဲ့ စစ်တမ်းအရ အိန္ဒိယမှာ ၂၀၂၀ ခုနှစ်အတွင်း စမတ်ဖုန်း အလုံးရေ သန်း ၁၃၀ ရောင်းချနိုင်မယ်လို့  ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ်ရဲ့ ၁၅၈ သန်းထက် နည်းသွားမှာပါ။ Counterpoint Research က ဒီနှစ်မှာ အစောပိုင်း ခန့်မှန်းထားတဲ့ ၁၄၇ သန်း အစား ၁၃၇ သန်းလောက်ပဲ ရောင်းရမယ်လို့ တွက်ချက်ထားပါတယ်။

Ref : gizmochina