အင်ဒိုနီးရှားအစိုးရဟာ အခုအချိန်မှာ Online Service ကုမ္ပဏီအများအပြားကို နိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီတွေထဲမှာ Steam ၊ Epic Games ၊ PayPal နဲ့ Yahoo လိုမျိုး ကုမ္ပဏီကြီးတွေပါဝင်ခဲ့ပါတယ်။

အခုလိုမျိုး အင်ဒိုနီးရှားအစိုးရရဲ့ ပိတ်ပင်မှုကို ခံရတာဟာ အဆိုပါ ကုမ္ပဏီတွေက နိုင်ငံရဲ့ တင်းကျပ်တဲ့ Content Moderation ဥပဒေကို မလိုက်နာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေအရ နည်းပညာကုမ္ပဏီတွေဟာ အစိုးရရဲ့ Database ကိုပဲ အသုံးပြု Register ပြုလုပ်ပြီးမှ ကုမ္ပဏီအတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မတိုင်ခင် အပြီးသတ် ဆောင်ရွက်ရမှာဖြစ်ပေမယ့် Steam ၊ Epic Games နဲ့ PayPal အပါအဝင်ကုမ္ပဏီတွေက လိုက်နာခြင်းမရှိတာကြောင့် အခုလိုမျိုး ပိတ်ပင်မှုကို ခံခဲ့ရတာဖြစ်ပါတဘ်။

အင်ဒိုနီးရှားအစိုးရက ပြောင်းလဲသတ်မှတ်ထားတဲ့ ဥပဒေဟာ အစိုးရအနေနဲ့ အသုံးပြုသူတစ်ဦးချင်းစီကို ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဝင်ရောက်ကြည့်ရှုနိုင်သလို တင်ထားတဲ့ Content တွေကိုလည်း ဥပဒေနှင့်မညီညွတ်တာမျိုး သို့မဟုတ် လူအများကိုထိခိုက်စေနိုင်တယ်ဆိုရင် ဖြုတ်ချနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ဥပဒေကို တချို့သော အသင်းအဖွဲ့တွေက လူ့အခွင့်အရေးကို ဆန့်ကျင်နေတယ်ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ အခုလိုမျိုး ပိတ်ပင်ခံရမှုကြောင့် အင်ဒိုနီးရှားနိုင်ငံသားတွေဟာ PayPal ကနေ ငွေလွှဲပြောင်းမှုတွေ ပြုလုပ်နိုင်ခြင်းမရှိတော့သလို Steam မှတစ်ဆင့် CS:GO ၊ DOTA 2 လိုမျိုး ဂိမ်းတွေကိုလည်း ဆော့ကစားနိုင်ခြင်းမရှိတော့ပါဘူး။ တကယ်လို့သာ အခုပိတ်ဆို့ခံရတဲ့ကုမ္ပဏီတွေက အစိုးရဥပဒေအတိုင်း ပြန်လည်လျှောက်ထားမယ်ဆိုရင် ပိတ်ဆို့မှုကို ရုတ်သိမ်းပေးမယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ တခြားသော နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple ၊ Microsoft ၊ Google ၊ Amazon ၊ TikTok ၊ Twitter ၊ Netflix နဲ့ Spotify တွေဟာ အဆိုပါ ဥပဒေအတွက် လိုင်စင်ရရှိထားတာကြောင့် ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge