Meta ဟာ ယခုနှစ် ဒုတိယ ၃ လပတ်ကာလအတွင်းမှာ ပထမဆုံးအနေနဲ့ ဝင်ငွေကျဆင်းမှုတွေဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် Meta ကုမ္ပဏီအနေနဲ့ Instagram ကနေတစ်ဆင့် ဝင်ငွေပိုမိုရှာဖွေနိုင်အောင် ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။

ဒီအတွက် Instagram App အတွင်းမှာ လက်ရှိထက်ပိုပြီး ကြော်ငြာတွေကို ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။ အထူးသဖြင့် Instagram App အတွင်း နေရာအများအပြားမှာ ထည့်သွင်းသွားမှာဖြစ်ပြီး ပုံမှန် Newsfeed အပြင် Explore Feed နဲ့ User Profile Feed တွေမှာပါ ကြော်ငြာတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Instagram မှာ ကြော်ငြာထည့်သွင်းလိုတဲ့ Brand တွေအနေနဲ့ Explore Feed မှာ ကြော်ငြာတွေကို စတင်ထည့်သွင်းနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း Profile Feed အတွင်းမှာ ကြော်ငြာထည့်သွင်းဖို့ကတော့ လက်ရှိအချိန်မှာ စမ်းသပ်နေဆဲဖြစ်ပါတယ်။

Meta က ပိုင်ဆိုင်တဲ့ Facebook ဟာလည်း အလားတူကြော်ငြာတွေကို လက်ခံဆောင်ရွက်နေပေမယ့် အခုလိုမျိုး အသုံးပြုသူတွေရဲ့ Profile Feed အတွင်းမှာတော့ ကြော်ငြာထည့်သွင်းခြင်းမရှိဘူးဖြစ်ပါတယ်။ ဒါကြောင့် Instagram အသုံးပြုသူတွေအနေနဲ့ အခုလိုမျိုး ကိုယ့် Profile Feed မှာ ကြော်ငြာတွေ ပြသတာမျိုးကို လက်ခံနိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Engadget