Instagram ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ ကလေးငယ်တွေ ထိခိုက်နိုင်တာကို သိပေမဲ့လည်း လျစ်လျူရှုပြီး ဓါတ်ပုံမျှဝေမှုပလက်ဖောင်းကို ဆက်လက်ဝန်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေကို အမေရိကန်ပြည်ထောင်စုရဲ့ ယာယီပူးပေါင်းအဖွဲ့အစည်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Facebook ဟာ သူ့ရဲ့ Site ပေါ်မှာ အန္တရာယ်ဖြစ်နိုင်ခြေတွေရှိနေကြောင်း အမှုဆောင်အရာရှိတွေက သိနှင့်ပြီးဖြစ်ကြောင်း သတင်းပေးသူတစ်ဦးကဖွင့်ချခဲ့ပြီးနောက် သူ့ရဲ့သမိုင်းမှာ အဆိုးရွားဆုံးဂုဏ်သိက္ခာပိုင်းဆိုင်ရာ အကျပ်အတည်းတွေထဲက တစ်ခုအဖြစ်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

“Facebook, အခုအခါမှာတော့ Meta ဟာ သူ့ရဲ့ပလက်ဖောင်းတွေပေါ်က လူငယ်တွေကိုအကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပြီး၊ အဲဒီအစား လျစ်လျူရှုဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အမှန်တကယ်ခြိမ်းခြောက်မှုဖြစ်စေတဲ့ လူသိများတဲ့ခြယ်လှယ်မှုတွေကို နှစ်ဆလျှော့ချခဲ့တယ်လို့ ဆိုရပါမယ်။ အကျိုးအမြတ်ကိုပဲစိတ်ဝင်စားပြီး ကလေးတွေကို အမြတ်ထုတ်ခဲ့တာပါ” လို့ မက်ဆာချူးဆက်ပြည်နယ် ရှေ့နေချုပ် Maura Healey က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာယီပူးပေါင်းထားတဲ့ ရှေ့နေချုပ်အဖွဲ့အစည်းမှာ ပြည်နယ်တွေရဲ့ ထိပ်တန်းဥပဒေစိုးမိုးရေးအရာရှိတွေနဲ့ ဥပဒေအကြံပေးတွေ၊ နယူးယောက်၊ ကော်လိုရာဒိုနဲ့ အခြားကအရာရှိတွေလည်း ပါဝင်တယ်လို့သိရပေမဲ့ စာရင်းအပြည့်အစုံကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ နာမည်ကြီးနည်းပညာကုမ္ပဏီကြီးဟာ သူတို့ရဲ့လူမှုကွန်ရက်က အရှုပ်တော်ပုံများစွာနဲ့ရင်ဆိုင်နေရပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက မိခင်ကုမ္ပဏီရဲ့အမည်ကို “Meta” အဖြစ် ပြောင်းလဲခဲ့ပါတယ်။

Ref: AFP