Intel ဟာ ယခင်တုန်းက Desktop နဲ့ Laptop Processor စျေးကွက်ကို ကြီးစိုးထားနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ AMD Ryzen Series Processor တွေက ဆက်တိုက်ကို စွမ်းဆောင်ရည်ပိုင်းအရရော၊ စျေးနှုန်းပိုင်းမှာပါ ဖိအားပေးယှဥ်ပြိုင်နိုင်နေပြီဖြစ်ပါတယ်။

ဒါကလည်း AMD ရဲ့ Zen2 Architecture ကို အခြေခံထားတဲ့ Processor တွေဟာ 7nm Architecture ကိုအခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် Power စားပိုသက်သာသလို CPU Core Count အရလည်း ပိုများတဲ့အတွက် Multi-thread Performance ပိုင်းမှာ Intel Processor တွေထက် သိသိသာသာကိုပိုကောင်းနေတာဖြစ်ပါတယ်။

AMD အနေနဲ့ ယခုနှစ်ကုန်ပိုင်းမှာ 5nm Architecture ကိုအခြေခံထားတဲ့ Zen3 Processor အသစ်တွေကို မိတ်ဆက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီလိုမျိုး AMD က အကောင်းဆုံးအခြေအနေတစ်ခုကို ရောက်ရှိနေပေမယ့် Intel အနေနဲ့ကတော့ ပိုပြီးအခက်ကြုံနေရပြီဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Intel ကနေ 7nm Architecture ကို အခြေခံထားတဲ့ Processor တွေမိတ်ဆက်မယ့်အချိန်ကို အချိန် ၁ နှစ်ခန့် ထပ်မံရွေ့ဆိုင်းခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဒါကလည်း လက်ရှိစမ်းသပ်နေတဲ့ 7nm Processor တွေမှာ Defect ဖြစ်စေတဲ့ Mode တစ်ခုကိုတွေ့ရှိရတဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Intel ရဲ့ 7nm Processor တွေဟာ အစောဆုံး ၂၀၂၂ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၃ ခုနှစ်မှ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဒီသတင်းက Intel အတွက်ကတော့ AMD ကိုလိုက်မှီဖို့ ပိုပြီးဝေးကွာသွားတာဖြစ်ပြီးတော့ လောလောဆယ် လာမယ့် ၂၀၂၀ တတိယ ၃ လပတ်မှာ 10nm Architecture ကိုအခြေခံထားတဲ့ Mobile Tiger Lake Processor တွေကိုပဲ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း အခုအတိုင်းပဲ 14nm နဲ့ 10nm Processor တွေကိုပဲ ဆက်လက်ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုပုံစံအတိုင်းဆိုရင်တော့ AMD ကနေ Intel ရဲ့ Processor စျေးကွက်ကို ကြီးစိုးထားမှုကို တဖြည်းဖြည်းဖြုတ်ချနိုင်တော့မှာဖြစ်ပါတယ်။

Ref – Gizmo China