အခုအချိန်မှာ Tablet လို့ ဆိုလိုက်တာနဲ့ Apple က ထုတ်လုပ်နေတဲ့ iPad တွေကိုပဲ ပြေးမြင်မိမှာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက COVID-19 ကြောင့် iPad ရောင်းအားတွေ တက်လာခဲ့ပြီးတော့ အခုအချိန်အထိကို Tablet စျေးကွက်မှာ Apple iPad တွေက လက်ဝါးကြီးအုပ်ထားတုန်းပဲဖြစ်ပါတယ်။

အခုနောက်ဆုံး Market Research Firm တစ်ခုဖြစ်တဲ့ Counterpoint ကနေ ဖော်ပြလိုက်တဲ့ စစ်တမ်းအရ Apple iPad တွေဟာ ယခုနှစ် ပထမ ၃ လပတ်မှာ Tablet စျေးကွက်ရဲ့ ရှယ်ယာ ၃၇ ရာခိုင်နှုန်းကို ရယူထားပြီး နံပါတ် (၁) ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါက ပြီးခဲ့တဲ့ ၂၀၂၀ ပထမ ၃ လပတ်နဲ့ ယှဥ်မယ်ဆိုရင် ၅၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

Apple iPad တွေက နံပါတ် (၁) နေရာကို ရယူထားနိုင်သလို ဒုတိယနေရာမှာလည်း Samsung ကနေ စျေးကွက်ရှယ်ယာ ၂၀ ရာခိုင်နှုန်းရယူထားပြီး ရှိနေပါတယ်။ Samsung အနေနဲ့လည်း မနှစ်တုန်းက စျေးကွက်ရှယ်ယာ ၁၆ ရာခိုင်နှုန်းပဲရှိနေတာဖြစ်တဲ့အတွက် သိသိသာသာရောင်းအားတက်လာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာမှတော့ တတိယနေရာကို Lenovo နဲ့ Amazon က စျေးကွက်ရှယ်ယာ ၉ ရာခိုင်နှုန်းနဲ့ ရယူထားပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ Huawei က စျေးကွက်ရှယ်ယာ ၅ ရာခိုင်နှုန်းပဲ ရှိနေပြီး မနှစ်တုန်းကထက်တောင် သိသိသာသာရောင်းအားကျဆင်းခဲ့ပါတယ်။

Apple iPad ရောင်းအားဟာ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရောင်းအားတက်ခဲ့တာဖြစ်ပြီး အထူးသဖြင့် ဂျပန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းရဆုံးကတော့ Base Model iPad ဖြစ်ပြီး iPad Air4 နဲ့ iPad Pro တွေက ဒုတိယနဲ့ တတိယရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကမှ M1 Chip ကိုအသုံးပြုထားတဲ့ iPad Pro အသစ်တွေကို မိတ်ဆက်ခဲ့ပေမယ့် လောလောဆယ်မှာ Chip ပြတ်တောက်မှုပြဿနာနဲ့ ကြုံတွေ့နေရတဲ့အတွက် လုံလောက်အောင် ရောင်းချနိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

Ref – GSM Arena