Apple ရဲ့ iPhone 12 mini ဟာ 5.4-inch OLED panel နဲ့ ဖြစ်ပါတယ်။ ဟိုတစ်ချိန်က လက်ထဲမှာ ဖွက်ထားလို့ရလောက်တဲ့ iPhone တွေကို ပြန်သတိရစေတဲ့ အရွယ်အစားလည်းဖြစ်ပါတယ်။ ခေတ်ဟောင်း iPhone တွေရဲ့ ဒီဇိုင်းကို အလွမ်းပြေစေတယ်လို့ဆိုခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခေတ်သစ်ဈေးကွက်မှာ iPhone 12 mini ဟာ ဘောင်မဝင်ခဲ့ဘူးလို့ပဲ ဆိုရတော့မှာပါ။

iPhone 12 mini ဟာ ခေတ်သစ်မှာ လူကြိုက်များပြီး၊ ရောင်းအားကောင်းဖို့ ဈေးကွက်ထဲစပြီးဝင်ချိန်ကတည်းက သေကောင်ပေါင်းလဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့တိုးတက်မှုကို မရရှိခဲ့ပါဘူး။ ရလဒ်ကတော့ ဒီ သုံးလပတ်အတွင်း iPhone 12 mini ရဲ့ “End-of-Life” ကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ iPhone 13 တွေကို မိတ်ဆက်မှာဖြစ်တဲ့အတွက် အခုကတည်းက အလုံးအရင်းထုတ်လုပ်မှုဖြစ်စဉ်အတွက် ပြင်ဆင်နေကြပါပြီ။ ဒီအချိန်မှာတော့ iPhone 12 စီးရီးရဲ့ ထုတ်လုပ်မှုတွေကို တဖြည်းဖြည်းနဲ့ လျှော့ချသွားရမှာပါ။ iPhone 12 mini ကတော့ ဒီလိုမဟုတ်ပါဘဲနဲ့ မြန်မြန်ဆန်ဆန် ရပ်တန့်သွားရပြီ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ iPhone 12 mini တွေကို ဆက်ပြီးမထုတ်လုပ်တော့ဘူးဆိုပေမယ့် ပစ္စည်းလက်ကျန်တွေကိုတော့ ဆက်ပြီးရောင်းချနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Apple.com မှာလည်း တွေ့မြင်နေရတုန်းပါပဲ။ လက်လီဆိုင်တွေမှာလည်း ရှိနေတုန်းပါပဲ။

ဒီသတင်းနဲ့ပတ်သက်ပြီး Apple က တရားဝင်အတည်ပြုချက်မပေးသေးပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက J.P. Morgan ရဲ့ဖော်ပြချက်အရ iPhone 12 mini ထုတ်လုပ်မှုကို တစ်ချိန်ချိန်မှာ ရပ်တန့်ဖို့စီစဉ်နေကြောင်း တွေ့မြင်ခဲ့ရပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့ Apple ဟာ iPhone 13 mini ကို iPhone 12 mini ရဲ့ ဆက်ခံသူပုံစံနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ Apple အနေနဲ့ iPhone 12 mini ရဲ့ မအောင်မြင်မှုတွေကနေ သင်ခန်းစာယူပြီး ပြောင်းလဲမှုတွေယူဆောင်လာမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena