လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက iPhone 12 တွေနဲ့ပတ်သက်ပြီး ထွက်ခဲ့တဲ့ထဲမှာ iPhone 12 Pro Max ကို အောက်တိုဘာလထဲမှ ရောင်းချဖွယ်ရှိတယ်ဆိုတဲ့ အချက် ပါဝင်ခဲ့ပါတယ်။ အကြောင်းကတော့ Pro Max အတွက် EVT အဆင့်ဟာ မေလလယ်အထိ အပြီးသတ်နိုင်ဖွယ် မရှိတာကြောင့်လို့ ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီကြီးအနေနဲ့ iPhone 12 တွေအတွက် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေကို ဆောင်ရွက်နေသလို၊ ဒီဇိုင်းပိုင်းမှာတော့ အပြီးသတ်ထားနိုင်ပြီလို့ ယုံကြည်ရပါတယ်။ အခုလည်း iPhone 12 Pro Max ရဲ့ CAD render တွေက ပေါက်ကြားထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

အခုထွက်လာတဲ့ CAD render သစ်တွေမှာ iPhone 12 Pro Max ရဲ့ ဒီဇိုင်းပြောင်းလဲမှုအချို့ကို မြင်တွေ့နိုင်သလို ဒီဇိုင်းပိုင်းရဲ့ ၇၀% လောက်ပြီးစီးနေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ကျန်နေသေးတဲ့အပိုင်းတွေကတော့ ကျောဘက်ကင်မရာနေရာချတာနဲ့ Notch အပိုင်းပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသေးစိတ်အချက်အလက်အတော်များများက မှန်ကန်တယ်လို့ ယူဆရပြီး၊ ဆွဲထားတဲ့ပုံစံကလည်း ကောလာဟလတွေမှာ ကြားသိနေခဲ့ရတဲ့ ပုံစံအတိုင်း တွေ့ရပါတယ်။ ပြောရရင်တော့ iPad Pro လို Flat edge တွေဲနဲ့ပါ။ ပြီးတော့ iPhone 5s ရဲ့ ဒီဇိုင်းနဲ့လည်း နည်းနည်းဆင်တယ်လို့ ပြောနိုင်ပါသေးတယ်။

Bezel တွေကလည်း လက်ရှိထက် သိသိသာသာပါးနေတာကို မြင်တွေ့နိုင်သလို၊ Notch ကလည်း ပိုပြီးသေးငယ်သွားပါတယ်။ ဒါ့အပြင် iPhone 12 Pro Max ဟာ ကျောဘက်မှာ ကင်မရာလေးလုံးနဲ့ LiDAR sensor လည်း ပါဝင်ဖွယ်ရှိပါတယ်။ (အခုပေါက်ကြားလာတဲ့ Render မှာ ဒီဇိုင်းက အပြီးသတ်မဖြစ်သေးတာကို သတိပြုရပါမယ်)

Ref: GSM Arena