မျိုးဆက်သစ် iPhone တွေကို မြင်တွေ့ရဖို့ ခြောက်လကျော်လောက် လိုနေသေးပေမယ့် iPhone 12 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ ခပ်စိပ်စိပ်ထွက်ပေါ်နေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ iPhone 12 မှာ Notch မပါဘူးဆိုပြီး Render ရုပ်ပုံတစ်ခု ထွက်ပေါ်လာပါသေးတယ်။

အခုလည်း မတူညီတဲ့ သတင်းရင်းမြစ်ကနေပြီး Notch မပါတဲ့ iPhone ရဲ့ Render ရုပ်ပုံတစ်ခု ထပ်ထွက်ပေါ်လာပြန်ပါတယ်။ Svetapple.sk က ဖော်ပြတဲ့ iPhone ပုံကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့အတွက် စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။

Notch မရှိတော့ရင် FaceID Sensor, Selfie Camera စတာတွေကို ဘယ်မှာထားမလဲဆိုတဲ့ မေးခွန်းကို Svetapple ရဲ့ ရုပ်ပုံက အဖြေပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီ Render ထဲကလို Bezel ထဲမှာ ထည့်ထားမယ်ဆိုရင်တော့ iPhone 12 ရဲ့ Bezel ဟာ အများမျှော်လင့်ထားသလောက် မပါးနိုင်ဘူးလို့ပဲ ယူဆရပါတယ်။

IR ကင်မရာနဲ့ အာရုံခံကိရိယာတွေ၊ Dot projector, စပီကာနဲ့ 12MP selfie ကင်မရာ စတာတွေအားလုံးကို ထည့်ထားလို့ အပေါ်ဘက် Bezel က ခပ်ကြီးကြီးဖြစ်နေပေမယ့် ကျန်တဲ့ Bezel သုံးခုကလည်း ခပ်ကြီးကြီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီဇိုင်းပိုင်းအရဆိုရင်တော့ ခေတ်ဟောင်းပုံစံပြန်သွားပေမယ့် iPhone အငွေ့အသက်ကို အပြည့်အဝ ရစေတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် ဒီပုံစံနဲ့ အမှန်တကယ်ထွက်လာမယ်လို့တော့ မဆိုလိုပါဘူး။

Ref: GSM Arena