Apple ရဲ့ iPhone 12 စီးရီးဟာ Certification တွေ ရရှိနေပြီဖြစ်ပြီး ဒီအသိအမှတ်ပြုမှုတွေကတစ်ဆင့် ဟန်းဆက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း သိရှိနေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် သိရှိရတဲ့ အချက်အလက် အချို့ကို အခြေခံပြီး iPhone 12 တွေရဲ့ ဘက်ထရီပိုင်းဆိုင်ရာလည်း ပေါ်ထွက်လာပါပြီ။

တရုတ်ရဲ့ 3C အေဂျင်စီအပါအဝင် ကိုရီးယားနဲ့ UL Demko တို့မှာ iPhone 12 တွေရဲ့ ဘက်ထရီအမျိုးအစားသုံးမျိုးကို မော်ဒယ်နံပါတ် သုံးခုနဲ့အတူ တွေ့မြင်လာရတာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်တွေကတော့ A2471, A2431, နဲ့ A2466 တို့ပဲ ဖြစ်ပါတယ်။ A2471 ကတော့ 2,227mAh ပမာဏ ဘက်ထရီဖြစ်ပြီး၊ ဒါဟာ Entry-level 5.4-inch iPhone 12 မှာ အသုံးပြုမှာ ဖြစ်ပါတယ်။

နောက်ထပ် မော်ဒယ်နံပါတ်ဖြစ်တဲ့ A2431 ကတော့ အနည်းငယ်ပိုကြီးတဲ့ ပမာဏအဖြစ် 2,775mAh ပမာဏဖြစ်တာကို တွေ့ရပါတယ်။ ဒီပမာဏ ဘက်ထရီဟာ iPhone 12 Max နဲ့ iPhone 12 Pro အတွက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကောလာဟလတွေအရတော့ နှစ်မျိုးစလုံးဟာ 6.1-inch မျက်နှာပြင်ကို အသုံးပြုထားမယ်လို့ ဆိုထားတာပါ။

တတိယမြောက် မော်ဒယ်နံပါတ်ဖြစ်တဲ့ A2466 ကတော့ ဘက်ထရီပမာဏ အကြီးဆုံးနဲ့ ဖြစ်ပါတယ်။ 3,687mAh ပမာဏဖြစ်ပြီး ဒါဟာ 6.7-inch မျက်နှာပြင်အရွယ်အစားနဲ့ iPhone 12 Pro Max မှာ အသုံးပြုမယ်လို့ သိရပါတယ်။ အခုမြင်တွေ့ရတဲ့ ဘက်ထရီပမာဏတွေဟာ ပြီးခဲ့တဲ့ iPhone 11 တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုများမလာဘဲ ပိုနည်းသွားတာကို တွေ့မြင်နိုင်ပါတယ်။

ဘက်ထရီပမာဏအပြင် တရုတ်ရဲ့ 3C မှာ 20W charger ကိုလည်း တွေ့မြင်ရပါတယ်။ Ming-Chi Kuo ရဲ့ဖော်ပြချက်အရ Apple ဟာ iPhone 12 တွေကိုရောင်းချရာမှာ Charger ဒါမှမဟုတ် Earpods တွေကို ထည့်သွင်းပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် အားသွင်းခေါင်းတွေဟာ သီးသန့် ဝယ်ယူသုံးစွဲလာရဖွယ်ရှိပါတယ်။

Ref: GSM Arena