Apple က အမိုက်စား လုပ်ဆောင်ချက်တွေပါတဲ့ iPhone 13 Series ကို မကြာခင်က ကြေညာခဲ့ပါတယ်။ iPhone အသစ်တွေမှာ Cinematic Video Mode အသစ် ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်း ပိုကောင်းလာသလို Storage ပိုများလာပါတယ်။ ဒါပေမယ့် Samsung Galaxy S21 လို ပြိုင်ဖက် Android ဖုန်းတွေမှာ ရရှိထားပြီးသား အသုံးဝင် လုပ်ဆောင်ချက် တချို့ကို iPhone မှာ မရသေးပါဘူး။

Notch-free ဒီဇိုင်း

iPhone 13 ရဲ့ Notch ဟာ iPhone 12 ထက် သေးငယ်သွားပေမယ့် Notch ပါနေသေးတာကိုက Full Screen ဒီဇိုင်း အားနည်းစေပါတယ်။ Android Device များစွာမှာတော့ ကင်မရာ Cutout တွေပါတဲ့ မျက်နှာပြင် ဒီဇိုင်းတွေကို အသုံးပြုနေကြပါပြီ။

ဥပမာအနေနဲ့ Galaxy S21 ဖုန်းတွေမှာဆိုရင် မျက်နှာပြင်အထက်မှာ ကင်မရာအတွက် အပေါက်သေးသေးလေးပဲ ပါလာပါတယ်။ အဲဒီအတွက် Full Screen ဒီဇိုင်း တော်တော် မိုက်ပါတယ်။ Google Pixel 5a နဲ့ OnePlus 9 တို့မှာလည်း အလားတူ မျက်နှာပြင်တွေ ပါပါတယ်။

Sleep ဖြစ်နေရင်တောင် အချိန်နဲ့ Calendar Event တွေကို ပြသပေးနိုင်တဲ့ မျက်နှာပြင်

သင့် iPhone မျက်နှာပြင်ကို ပိတ်ထားရင် ဘာသတင်းအချက်အလက်ကိုမှ မသိရတော့ပါဘူး။ ဒါပေမယ့် ခေတ်ပေါ် Android ဖုန်းတော်တော်များများမှာ Screen ဟာ Sleep ဖြစ်နေချိန်မှာတောင် အချိန်နဲ့ Calendar Event တွေကို ပြသပေးနိုင်ပါတယ်။ Samsung, Google နဲ့ Xiaomi တို့အပါအဝင် Android ဖုန်း ကုမ္ပဏီတွေရဲ့ ဖုန်းတွေမှာ Always-on Display ထည့်သွင်းထားကြပါတယ်။

ဖုန်းကနေ တခြား Device တွေကို ကြိုးမဲ့အားသွင်းပေးခြင်း။

Samsung Galaxy S21, Google Pixel 5 နဲ့ Galaxy S20 , S10 တို့လို ဖုန်း အဟောင်းတွေမှာ တခြား Device တွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာ ပါပါတယ်။ Samsung က အဲဒါကို Wireless Power Share နဲ့ Google က Battery Share လို့ နာမည်ပေးထားပါတယ်။ အဲဒီဖုန်းတွေရဲ့ အနောက်ဘက်ကို Wireless Charging Pad လို အသုံးပြုနိုင်ပြီး Qi Wireless Charging စံနှုန်း  ပါတဲ့ Device တွေကို အားသွင်းပေးနိုင်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ iPhone 13 တွေမှာ အဲဒီနည်းပညာ မပါလာပါဘူး။

ဖုန်းကို In-screen Fingerprint Sensor နဲ့ Unlock လုပ်ခြင်း။

Face ID နဲ့ ဖုန်းကို Unlock လုပ်ရတာ တော်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် Mask တပ်ထားရင် အဆင်မပြေတာ့ပါဘူး။

Android ဖုန်းတွေမှာ In-screen Fingerprint Sensor တွေကို အသုံးပြုနေကြပါပြီ။ ၂၀၁၉ ထုတ် Galaxy S10 မှာတောင် ဒီနည်းပညာ ထည့်သွင်းထားတဲ့အတွက် Apple က တော်တော် နောက်ကျနေပါပြီ။

Mac နဲ့ Non-Apple Device တွေကို အားသွင်းပေးနိုင်တဲ့ Charger

iPhone နဲ့ Mac ကို တူညီတဲ့ Charger ၁ ခုထဲနဲ့ အားသွင်းလို့ရရင် သိပ်ကောင်းမှာပါ။ ဒါပေမယ့် iPhone 13 မှာ ဒီလိုလုပ်လို့ မရဘဲ iPhone 5 ကတည်းက စွဲစွဲမြဲမြဲ သုံးလာတဲ့ Lightning Port ပဲ ပါလာပါတယ်။ iPad Air , iPad Pro , MacBook Laptop နဲ့ အသစ်ကြေညာထားတဲ့ iPad Mini မှာ USB-C တပ်ဆင်ထားပေမယ့် iPhone 13 ဖုန်းတွေမှာ မပါလာပါဘူး။ အခုခေတ် Android ဖုန်း အများစုမှာတော့ USB-C ကို ပုံသေစံနှုန်း အဖြစ် အသုံးပြုနေကြပါပြီ။

ref : cnet