Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 12 Series ဖုန်းတွေမှာ Charger ကို စတင်ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး Charger ကို ထည့်သွင်းမပေးတော့ပေမယ့် အားသွင်းနှုန်းကိုတော့ အမြင့်ဆုံး 18W ကနေ 20W ကို အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။

အခုလည်း iPhone 13 Series ဖုန်းတွေမှာ အလားတူ Charger ကို ထည့်သွင်းရောင်းချခြင်းမရှိပေမယ့် အမြင့်ဆုံးအားသွင်းနိုင်တဲ့ Fast Charging Speed ကိုလည်း ထပ်မံတိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ iPhone 13 Series ထဲမှာတောင် Charging Speed က တူညီမှာမဟုတ်ပါဘူး။

ဒါကတော့ ChargerLAB ကနေ စစ်ဆေးချက်အရ သိရှိခဲ့တာဖြစ်ပြီး iPhone 13 Pro Max ကပဲ အမြင့်ဆုံး 27W နဲ့အားသွင်းနိုင်မှာဖြစ်ပြီး iPhone 13 Pro ဖုန်းကတော့ အမြင့်ဆုံး 23W အထိပဲ Support ပြုလုပ်ထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပုံမှန် iPhone 13 နဲ့ 13 mini ဖုန်းတွေကိုတော့ စမ်းသပ်ခဲ့ခြင်းမရှိပေမယ့်လည်း iPhone 13 Pro လိုမျိုးပဲ 23W အထိ Support ပေးထားနိုင်ပါတယ်။

ဒီလိုမျိုး iPhone 13 Pro Max ဖုန်းဟာ အမြင့်ဆုံးအနေနဲ့ 27W အထိ အားသွင်းနိုင်တာကြောင့် Charger ဝယ်ယူမယ်ဆိုရင် ယခင်တုန်းကလိုမျိုး 20W Charger အစား 30W Charger ကိုပြောင်းလဲဝယ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ ChargeLAB ရဲ့ စစ်ဆေးချက်အရတော့ iPhone 13 Pro Max ဖုန်းဟာ အပူချိန်မတက်လာသေးခင်အထိ 27W နဲ့ပဲ ပုံမှန်အားသွင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အားသွင်းနှုန်းမြန်ဆန်လာတာကြောင့် iPhone 13 Pro Max ကို 0-100% အားသွင်းဖို့အတွက် အချိန် မိနစ် ၉၀ ပဲကြာမြင့်တော့မှာဖြစ်ပါတယ်။ ဒါက တခြားသော Android ဖုန်းတွေရဲ့ Fast Charging စနစ်နဲ့ ယှဥ်ရင် အားနည်းနေသေးပေမယ့် တော်တော်လေးကို တိုးတက်လာတာဖြစ်ပါတယ်။

Ref – GSM Arena