iPhone 14 ရဲ့ Renders တွေ ထွက်ခဲ့တာ ကြာပါပြီ။ Renders ပုံရိပ်တွေဟာ အမှန်တကယ်ထွက်လာမဲ့ iPhone 14 ကို ကိုယ်စားပြုတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ပိုပြီးမှန်ကန်ကြောင်း သက်သေပြနိုင်တဲ့ အရာတစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ Dummy လို့ခေါ်တဲ့ ပုံစံတူ နမူနာပါပဲ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက iPhone 14 မော်ဒယ်လေးခုဖြစ်တဲ့ Vanilla နှစ်မျိုးနဲ့ Pro နှစ်မျိုး၊ အသေးနှစ်မျိုး၊ အကြီးနှစ်မျိုး ရဲ့ ကျောဘက်အနေအထားကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခု Dummy ကိုကြည့်ရသလောက်တော့ iPhone 14 Pro Max ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ကိုယ်ထည်အရွယ်အစား၊ ကင်မရာအနေအထားအရ အကဲဖြတ်ရတာပါ။

Dummy တွေဟာ အမှန်တကယ်ထွက်လာမဲ့ ထုတ်ကုန်တွေအတိုင်း အရွယ်အစား၊ ပုံသဏ္ဍာန် အတိအကျပြုလုပ်ထားတဲ့ ပုံစံတူ နမူနာပါ။ ဒါကြောင့် အခု Dummy ရဲ့ ရှေ့မျက်နှာပြင်မှာ မြင်တွေ့နေရတဲ့ “i” ပုံစံ Punch hole တွေကို လာမဲ့ iPhone 14 Pro Max မှာလည်း တွေ့မြင်ရတော့မှာ သေချာသွားပါပြီ။

iPhone 14 သစ်ရဲ့ အရှေ့ဘက်မျက်နှာပြင်က Punch hole ဒီဇိုင်းကို အခုအချိန်အထိတော့ “pill and hole” လို့ပဲ ခေါ်ဝေါ်သုံးစွဲနေကြသေးတာပါ။ ပိုကျယ်တဲ့ Pill shape hole မှာ Face ID system, IR illuminator နဲ့ IR camera တွေ ပါဝင်ပါလိမ့်မယ်။ အခြားတစ်ခုကတော့ FaceTime camera (Autofocus ပါဝင်တယ်လို့ဆိုထား) ပါ။

Vanilla နဲ့ Pro တွေရဲ့ကြားက ကွာခြားမှုဟာ ဒီနှစ်ထုတ် iPhone 14 တွေမှာ အရင်နှစ်တွေကထက် ပိုပြီးတော့ ကြီးမားလာမှာ ဖြစ်ပါတယ်။ Pros မော်ဒယ်တွေဟာ Telephoto camera သီးသန့်ပါဝင်လာရုံမကဘဲ 48MP main camera လည်း ပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple A16 chipset နဲ့ အဆင့်မြှင့်တင်ထားမှာလည်း ဖြစ်ပါတယ်။

Vanilla မော်ဒယ်တွေကတော့ 12MP main camera နဲ့ A15 chipset ကိုပဲ အသုံးပြုထားမယ်လို့ လေ့လာသူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ ဒါ့အပြင် Vanilla မော်ဒယ်တွေဟာ အရှေ့ဘက်မျက်နှာပြင်မှာ “pill and hole” ဒီဇိုင်းသစ်ကို ရရှိမှာမဟုတ်ဘူးလို့ သိထားရပါတယ်။ နောက်တစ်ချက်က Vanilla တွေရဲ့ မျက်နှာပြင်ဟာ 120Hz refresh rate ရှိ၊ မရှိဆိုတာကိုလည်း ငြင်းခုံနေရတုန်းပါပဲ။

Ref: GSM Arena