Apple ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက iPhone 14 အသုံးပြုသူတွေအတွက် ဂြိုလ်တုကတစ်ဆင့် ခေါ်ဆိုနိုင်တဲ့ သူ့ရဲ့ Emergency SOS ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခုတော့ ဒီ Satellite emergency SOS ကြောင့် ကနေဒါနိုင်ငံရဲ့ တောတွင်းတစ်နေရာမှာ ပိတ်မိနေတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးနှစ်ဦးဟာ ကနေဒါနိုင်ငံ British Columbia က ရွာငယ်လေး McBride အနီး Alberta ကို ခရီးထွက်ပြီးအိမ်အပြန်မှာ မတော်တဆဖြစ်ရပ်ကြောင့် ပင်မအဝေးပြေးလမ်းမကြီးပိတ်သွားပြီး အခြားလမ်းကြောင်းတစ်ခုအတွက် Google Maps ကို ကြည့်ခဲ့တယ်လို့ သိရပါတယ်။ Google Maps ဟာ Holmes Forrest က Service road ကို လမ်းညွှန်ခေါ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါလမ်းဟာ ဆီးနှင်းမုန်တိုင်းတွေ အကြိမ်ကြိမ်ဖြစ်ပေါ်မှုကြောင့် တစ်ဝက်တစ်ပျက်သာရှိတဲ့လမ်းဖြစ်နေပါတယ်။ အမျိုးသမီးနှစ်ယောက်ဟာ အဆိုပါလမ်းပေါ်ကို ဘယ်အချိန်ကတည်းက ရောက်နေကြလည်း မသိကြပါဘူး။ သူတို့ဟာ လမ်းကနေ ကီလိုမီတာ ၂၀ ကွာဝေးတဲ့နေရာအထိ ရောက်ရှိခဲ့ကြပြီး ဆီးနှင်းတံတိုင်းကြီးနားထိ ရောက်ရှိသွားကြတယ်လို့ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

သူတို့နှစ်ယောက် ရောက်နေတဲ့နေရာဟာ တောထဲက Service road နဲ့ ဝေးကွာနေတာကြောင့် Cell service လည်း မရရှိနိုင်ဘဲ ဖြစ်နေကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်မှာ iPhone 14 ပါရှိတာကြောင့် Satellite emergency SOS ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် Apple call center ကို Message နဲ့ သူတို့ရဲ့ တည်နေရာကို ပေးပို့နိုင်ခဲ့ပါတယ်။

Apple call center က ကနေဒါက “Northern911” call center ကို ဆက်သွယ်ခဲ့ပြီး British Columbia က အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေဆီ ခေါ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ဟာ GPS သြဒိနိတ်တွေအပါအဝင် “အချက်အလက်အစုံအလင်” ကိုလက်ခံရရှိပြီး အမျိုးသမီးနှစ်ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Ref: 9To5Mac