Apple ဟာ ယခုနှစ်ကုန်ပိုင်းမှ iPhone 15 Series ဖုန်းတွေကို မိတ်ဆက်မှာဖြစ်ပါတယ်။ အခုလို မိတ်ဆက်ဖို့အချိန်လိုသေးတယ်ဆိုပေမယ့် Apple iPhone 15 Series နဲ့ ပတ်သက်တဲ့သတင်းတွေဟာ ဆက်တိုက်ကို ထွက်ပေါ်နေပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Apple iPhone 15 Pro Max ဖုန်းဟာ လက်ရှိစမတ်ဖုန်းတွေအားလုံးထဲမှာ ဘေးဘောင်အပါးလွှာဆုံးဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ဘေးဘောင်အပါးဆုံးဖုန်းအနေနဲ့ Xiaomi 13 ဖုန်းက ဘေးဘောင်အထူ 1.81mm နဲ့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

အဆိုပါသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တာဖြစ်ပြီး iPhone 15 Pro Max မှာ အသုံးပြုရမယ့် Screen Protector ဓါတ်ပုံကိုပါ တွဲဖက်ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် iPhone 15 Pro Max ဖုန်းရဲ့ Display ဘေးဘောင်တွေဟာ အလွန်ပါးလွှာနေမှာဖြစ်တဲ့အပြင် ဘေးဘက်တွေကိုလည်း Apple Watch လိုမျိုး အနည်းငယ် Curved ပြုလုပ်ထားမယ်လို့ သိရပါတယ်။

Apple ဟာ iPhone X မှာ စတင်ပြီး ဘေးဘောင်ပါးလွှာတဲ့ Full Screen Design ကို စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း iPhone တွေမှာ အခုလိုမျိုး သိသိသာသာဘေးဘောင်တွေကို ပါးအောင်ပြုလုပ်ခဲ့ခြင်းမရှိတာကြောင့် လက်ရှိ Android ဖုန်းတွေနဲ့ ယှဥ်ရင် ဘေးဘောင်တွေက သိသိသာသာပိုထူနေတဲ့ပုံစံ ဖြစ်နေတာပါ။

ဘာပဲဖြစ်ဖြစ် Apple iPhone 15 Pro နဲ့ iPhone 15 Pro Max ဖုန်းတွေမှာ ပြန်ပြီး ဒီဇိုင်းပိုင်းမှာ Android Flagship ဖုန်းတွေကို လိုက်မီလာပြီလို့ ယူဆလို့ရပါတယ်။

Ref – Gizmo China