Chinese Benchmarking App တစ်ခုဖြစ်တဲ့ Master Lu ကနေ ပြီးခဲ့တဲ့ ၁ နှစ်အတွင်းမှာ တရုတ်နိုင်ငံအတွင်း အတုအပ (Clone) ပြုလုပ်မှုအများဆုံး စမတ်ဖုန်းတွေစာရင်းကို ဖော်ပြခဲ့ပါတယ်။ အခုစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကနေ ယခု ၂၀၂၀ ခုနှစ်မတ်လအတွင်းရလဒ်ကို ရယူထားတာလည်းဖြစ်ပါတယ်။

အဆိုပါ စာရင်းအရ တရုတ်နိုင်ငံအတွင်းမှာ အတုပြုလုပ်မှုအများဆုံးစမတ်ဖုန်းအဖြစ် Apple iPhone 8 က နေရာယူထားပါတယ်။ ဒုတိယနဲ့ တတိယနေရာမှာတော့ Samsung ရဲ့ High End Android Keypad ဖုန်းတွေဖြစ်တဲ့ Galaxy W2018 နဲ့ W2019 ဖုန်းတွေက အသီးသီးနေရာယူထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ iPhone XS Max ၊ Galaxy S10+ ၊ iPhone 9 ၊ Galaxy S8+ ၊ OnePlus 7 Pro ၊ Xiaomi Mi 8 နဲ့ Galaxy S8 ဖုန်းတွေကလည်း အတုပြုလုပ်မှုအများဆုံးဖုန်းတွေအဖြစ်အသီးသီးရှိနေပါတယ်။

အတုပြုလုပ်မှုအများဆုံးဖုန်းတွေ ရာခိုင်နှုန်းအနေနဲ့ဆိုရင်တော့ Apple iPhone တွေက ၂၉.၅၄ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီး Samsung ကတော့ ၂၆.၄၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ Xiaomi ကတော့ ၉.၈၃ ရာခိုင်နှုန်းနဲ့ တတိယနေရာဆိုပြီး အတုစျေးကွက်ကိုရယူထားတာဖြစ်ပါတယ်။ Master Lu App ရဲ့ ဖော်ပြချက်အရတော့ အဆိုပါ အတုပြုလုပ်တဲ့ဖုန်းအများစုမှာ 720p Display ၊ MediaTek MT6589 Processor နဲ့ Mali-400MP GPU တွေပါဝင်တော့ တူညီတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi လိုမျိုး စျေးသက်သာတဲ့ဖုန်းတွေတောင်မှ အတုပြုလုပ်မှုများပြားနေတာကတော့ အံ့သြစရာကောင်းနေပါတယ်။

Ref – Gizmo China