Apple က ၂၀၁၆ ခုနှစ်ထုတ် iPhone 7 နဲ့ 7 Plus မှာ ရေစိုခံစွမ်းရည်ကို ပထမဆုံး ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက iPhone တွေရဲ့ ရေစိုခံ စွမ်းရည်နဲ့ ပတ်သက်ပြီး အံ့အားသင့်စရာ သတင်းတွေ ကြားသိခဲ့ရပါတယ်။ အခုလည်း ဗြိတိန်က အမျိုးသမီး ၁ ယောက်ဟာ Thames မြစ်မှာ ငန်းတွေကို အစားကျွေးရင်း သူမရဲ့ iPhone 8 ဟာ မြစ်ထဲ မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်။ ဖုန်း ပျောက်သွားပြီး ၂ လအကြာမှာတော့ သူမရဲ့ ဖုန်းကို မြစ်ကမ်းစပ်မှာ ပြန်တွေ့ခဲ့ရပြီး အံ့အားသင့်စရာကောင်းတာက ဖုန်းဟာ အကောင်းအတိုင်း ရှိနေသေးတာပါ။

သူမဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ဗြိတိန် လေကြောင်းလိုင်းရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ Thayse Bussolo-Vieira ဖြစ်ပါတယ်။ သူမရဲ့ အသစ်စက်စက် iPhone 8 ဟာ ဖေဖော်ဝါရီလ အစောပိုင်းက မြစ်ထဲကျသွားခဲ့တာ ဖြစ်ပြီး ဖုန်းမှာ အမှတ်တရ ဓါတ်ပုံများစွာရှိတဲ့အတွက် သူမ အရမ်းကို ဝမ်းနည်းသွားခဲ့ပါတယ်။ သူမဟာ ရေထဲဆင်းရှာဖို့ စဉ်းစားခဲ့ပေမယ့် ရေနက်တဲ့အတွက် လက်လျှော့ခဲ့ရပါတယ်။

ဖုန်း ပျောက်သွားပြီး ၂ လအကြာမှာတော့ သူမနဲ့ သူမရဲ့ စေ့စပ်ထားသူဟာ နေ့တိုင်း လမ်းလျှောက်နေကျအတိုင်း မြစ်အနားကို ရောက်လာချိန်မှာတော့ အံ့အားသင့်စွာ ဖုန်းကို တွေ့ခဲ့ရတာပါ။ အခုတော့ ဖုန်းပြန်ရလို့ ဝမ်းသာနေတဲ့ သူမကို ဖုန်းနဲ့အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ သတင်းတွေမှာ ပါလာပါပြီ။

အရင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါတယ်။ Erica Bennett ဆိုသူ အမျိုးသမီးဟာ ၂၀၁၈ ခုနှစ် ဇွန်လမှာ မြစ်ထဲ iPhone ပြုတ်ကျခဲ့ပြီး ၁၅ လအကြာကျမှ ရေငုပ်သူ YouTuber ၁ ယောက်က အကောင်းအတိုင်းတွေ့ရှိခဲ့ပါတယ်။

Ref : gizmochina