ဒီရက်ပိုင်းအတွင်းမှာ Android 12.1 နဲ့အတူ Google Fold ရဲ့သတင်းတွေ ခပ်စိပ်စိပ်ထွက်လာခဲ့ပါတယ်။ အခုတော့ Apple ရဲ့ ပုံပြင်ထဲက Foldable device အကြောင်းလည်း လှုပ်နှိုးခြင်းခံလိုက်ရသလို သတင်းအစအနတွေ တစ်ခါပြန်ပေါ်လာတာကို တွေ့မြင်ရပါတယ်။

Business Korea ရဲ့ နောက်ဆုံးသတင်းအရ Apple ဟာ Clamshell နဲ့ Vertical folding (Galaxy Z Flip နဲ့ Z Fold3) နှစ်မျိုးစလုံး ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ Apple သတင်းတွေကို လေ့လာဆန်းစစ်နေတဲ့ Ming-Chi Kuo ကတော့ အမေရိကန်နည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ Foldable device တွေကို လာမဲ့ ၂၀၂၃ ခုနှစ်မှ ဖြန့်ချိမယ်လို့ ဟောကိန်းထုတ်ထားတာပါ။

အခုတွေ့မြင်ရသလောက်က Apple ရဲ့ Foldable ဟာ Clamshell ပုံစံဖြစ်ပါတယ်။ ဆွဲထားတဲ့ဒီဇိုင်းက ဖုန်းကို ခေါက်ပြီးပိတ်ထားချိန်မှာတောင် ခပ်ပါးပါးဖြစ်နေတဲ့ပုံစံမျိုးပါ။ ခေါက်နိုင်တဲ့မျက်နှာပြင်အတွက်လည်း LG ဟာ အပြင်အထန်အလုပ်ကျိုးစားနေရတယ်လို့ သိရပါတယ်။ ဒါဟာ Samsung တစ်ခုတည်းအပေါ် မှီခိုအားထားရတာကို ရှောင်ရှားချင်တဲ့ Apple ရဲ့ ပြင်ဆင်မှုလို့လည်း ဆိုနိုင်ပါတယ်။

ထုတ်လုပ်မှုနယ်ပယ်တွင်း သတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်မှာ Apple foldable Prototype ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 7-5-inch အဖြစ်တွေ့ရပေမဲ့ ဒေါင်လိုက်ခေါက်တာလား၊ အလျားလိုက်ခေါက်တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Apple foldable ရဲ့အရွယ်အစားဟာ လာမဲ့ Pixel fold နဲ့ အတော်လေးနီးကပ်ပြီး မျက်နှာပြင်ကို LG မဟုတ်သေးဘဲ Samsung ကပဲ ထောက်ပံ့ပေးဦးမယ်လို့ သိရပါတယ်။

အကယ်၍ Apple ရဲ့ ပထမဆုံး Foldable iPhone ဟာ Samsung Galaxy Z Flip 3 လိုမျိုး Clamshell ပုံစံဖြစ်မယ်ဆိုရင်တောင် Panel ဟာ 7.5-inch ဖြစ်ပြီး Z Flip 3 ထက် အရွယ်ပိုကြီးနိုင်တယ်ဆိုတဲ့ ကောက်ချက်ပဲဆွဲလို့ရပါဦးမယ်။ ဒါ့အပြင် Bezel နဲ့ Hinge ဒီဇိုင်းတွေကလည်း လက်ရှိဈေးကွက်ထဲက Foldable device တွေထက် ဘယ်လောက်ထိ တိုးတက်ကောင်းမွန်လာမလဲဆိုတာကိုလည်း မသိရသေးပါဘူး။

Foldable ဈေးကွက်မှာ Samsung က ဦးဆောင်နေတာမှန်ပေမဲ့ Huawei နဲ့ Xiaomi အမှတ်တံဆိပ်တွေကလည်း အရှိန်အဟုန်နဲ့ တိုးတက်နေတာကို မြင်နိုင်ပါတယ်။ Google နဲ့ Apple တို့လည်း Foldable ဈေးကွက်ထဲဝင်လာချိန်မှာ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာမှာဖြစ်ပေမဲ့ ဦးဆောင်သူက ဘယ်သူဖြစ်လာမလဲဆိုတဲ့မေးခွန်းအတွက်အဖြေကတော့ စောလွန်းနေပါသေးတယ်။

Ref: PhoneArena