Apple ဟာ တကမ္ဘာလုံးရဲ့ စမတ်ဖုန်းစျေးကွက်ကို အမြဲတမ်းလိုလို ထိပ်ဆုံးနေရာမှာပဲရယူထားနိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် iPhone အသစ်တွေကို မိတ်ဆက်ပြီး ရောင်းချတဲ့နှစ်ကုန်ပိုင်းအချိန်ဟာ Apple အတွက် ရောင်းအားအကောင်းဆုံးအချိန်လို့တောင် ပြောနိုင်ပါတယ်။

အခုလည်း Counterpoint Research ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ စတုတ္ထ (၃) လပတ်ဖြစ်တဲ့ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်းမှာ Apple ဟာ တရုတ်နိုင်ငံစျေးကွက်ရဲ့ ပထမနေရာကို ရယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါက ၂၀၂၀ စတုတ္ထ (၃) လပတ်တုန်းက စျေးကွက်ပိုင်ဆိုင်မှု ၁၆ ရာခိုင်နှုန်းပဲ ရှိခဲ့တာကနေ ၂၀၂၁ စတုတ္ထ (၃) လပတ်မှာ စျေးကွက်ပိုင်ဆိုင်မှု ၂၃ ရာခိုင်နှုန်းနဲ့ ပထမနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

Apple အတွက်ကတော့ ယခုလိုမျိုး တရုတ်နိုင်ငံစျေးကွက်ရဲ့ ပထမနေရာကို ရယူလိုက်နိုင်တာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စတုတ္ထ (၃) လပတ်တုန်းက နောက်ဆုံးဖြစ်တာကြောင့် အချိန်ကာလ ၆ နှစ်ကြာပြီးမှ ပထမနေရာကို ပြန်လည်ရယူနိုင်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါကလည်း အထူးသဖြင့် iPhone 13 Series ဖုန်းတွေက ထင်ထားတာထက်ပိုပြီး ရောင်းအားကောင်းခဲ့တာကြောင့်ဖြစ်ပါတယ်။

တရုတ်နိုင်ငံစျေးကွက်ရဲ့ ဒုတိယနေရာကိုတော့ Vivo ကနေ စျေးကွက်ရာခိုင်နှုန်း ၁၉ ရာခိုင်နှုန်းနဲ့ ရယူထားပြီးတော့ OPPO ကလည်း စျေးကွက်ရာခိုင်နှုန်း ၁၇ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက စျေးကွက်ပထမနေရာမှာရှိနေခဲ့တဲ့ Huawei ကတော့ ၂၀၂၁ မှာ စျေးကွက်ပိုင်ဆိုင်မှုနှုန်း ၇ ရာခိုင်နှုန်းနဲ့ အဆင့် (၆) နေရာအထိကို ဆင်းသွားရပြီဖြစ်ပါတယ်။ ဒါဟာ Huawei အတွက် တစ်နှစ်အတွင်းမှာ ၈၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားတာလည်းဖြစ်ပါတယ်။

Ref – GSM Arena