Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ပထမဆုံး Budget iPhone လို့ပြောရမယ့် iPhone SE ကို စတင်ပြီး ဖြန့်ချိခဲ့ပါတယ်။ iPhone SE ဟာ အခုအချိန်ထိလည်း iPhone Fun တွေကြားမှာ အမှတ်တရဖြစ်နေတုန်းပါပဲ။ ဒါကြောင့်လည်း iPhone SE ကိုဆက်ခံမယ့် မျိုးဆက်သစ် iPhone SE 2 ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

iPhone SE 2 နဲ့ ပတ်သက်တဲ့သတင်းတွေ ထွက်ခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းကပါ။ ၂၀၂၀ ထဲရောက်လာချိန်မှာတော့ Apple ဟာ iPhone SE နေရာကို ဆက်ခံမယ့် Device ကို iPhone 9 အမည်နဲ့ပဲ ထုတ်တော့မယ်လို့ သိလာရပါတယ်။ ဒါ့အပြင် iPhone 9 တွေကို စမ်းသပ်ထုတ်လုပ်မှုတောင် ပြုလုပ်နေပြီဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။

ကနဦးခန့်မှန်းချက်တွေကတည်းက Apple အနေနဲ့ iPhone 9 ကို ၂၀၂၀ ပထမသုံးလပတ်ထဲမှာ ဖြန့်ချိဖွယ်ရှိတယ်လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အခုထပ်ပြီးကြားသိရတဲ့သတင်းအရ iPhone 9 တွေကို ဖေဖော်ဝါရီလလယ်မှာ အလုံးအရင်းလိုက် ထုတ်လုပ်တော့မယ်ဆိုတာပါပဲ။ Evan Blass ကလည်း iPhone 9 ကို လာမယ့် မတ်လ မှာဖြန့်ချိမယ်လို့ အခိုင်အမာ ပြောဆိုနေပါပြီ။

iPhone 9 ဟာ iPhone 8 နဲ့ဒီဇိုင်းပိုင်းခပ်ဆင်ဆင်ဖြစ်ပြီး Apple A13 Bionic Chipset ကိုသုံးထားမယ်၊ Home Button လည်း ပါဝင်လာမယ်ဆိုတဲ့အကြောင်းတွေကလည်း ဖော်ပြခဲ့ပြီးသား ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်ကတော့ ၄၃၂ ဒေါ်လာဝန်းကျင် (မြန်မာငွေ ၆ သိန်း ၃ သောင်းဝန်းကျင်) ဈေးနှုန်းနဲ့ ရောင်းချဖွယ်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီဈေးနှုန်းက iPhone 6S ထက်တောင် သက်သာနေပါသေးတယ်။

Ref: Gizmochina