ဈေးကွက်သုတေသန အဖွဲ့အစည်း Counterpoint က စက်တင်ဘာလ ပထမ အပတ်အတွင်း အမေရိကန်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ၁၀ လုံး စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့နဲ့ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ရောင်းချရတဲ့ စမတ်ဖုန်းတွေကို တွက်ချက်ထားတာပါ။ စစ်တမ်းအရ အမေရိကန်မှာ iPhone တွေကို ဘယ်ဖုန်းမှ မယှဉ်နိုင်ဘူးဆိုတာ ဘွင်းဘွင်းရှင်းရှင်း သိသာနေပါတယ်။

ရောင်းအား အကောင်းဆုံး ဖုန်း ၃ လုံးစလုံးက iPhone တွေ ဖြစ်ပါတယ်။ iPhone 11 , 11 Pro Max နဲ့ iPhone SE 2020 ဟာ ထိပ်ဆုံး ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ ဒါတင်မကသေးပါဘူး။ နံပါတ် ၅ နဲ့ ၆ နေရာကိုလည်း iPhone XR နဲ့ iPhone 11 Pro တို့ ရထားပါတယ်။ Apple နောက်ဆုံးထုတ် iPhone တွေဟာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ မကြာခင် ရောင်းချမယ့် iPhone 12 Series ဟာ ရောင်းအား အကောင်းဆုံး ဘွဲ့ကို သိမ်းပိုက်သွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Samsung ရဲ့ အလန်းစား ဖုန်းတွေ ဖြစ်တဲ့  Galaxy Note20 Ultra 5G, Galaxy Note 20 5G နဲ့  Galaxy S20 5G တို့ဟာလည်း ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံး စာရင်းမှာ ပါနေပြီး နံပါတ် ၄ ၊ ၈ နဲ့ ၉ နေရာတွေကို အသီးသီး သိမ်းပိုက်ထားပါတယ်။ Samsung Note20 Series ရောင်းအား ကောင်းနေသလို ဈေးအချိုဆုံး Galaxy S20 မော်ဒယ်ဟာလည်း ရောင်းအား လန်းနေပါတယ်။ မကြာခင်ကမှ ပူပူနွေးနွေး ကြေညာထားတဲ့ Galaxy S20 Fan Edition ဟာလည်း အရောင်စုံသလို အားလပ်ရက် ရာသီမှာ ရောင်းတဲ့အတွက် အမေရိကန်မှာ ရောင်းအား ကောင်းဦးမယ်လို့ ထင်ရပါတယ်။

ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ နောက်ထပ် ပါနေတာက LG ပါ။ LG Stylo 6 ဟာ နံပါတ် ၇ နဲ့ LG K51 ဟာ နံပါတ် ၁၀ နေရာကို သိမ်းပိုက်ထားပြီး ဒေါ်လာ ၂၀၀ နဲ့ ၁၀၀ ကျော်လောက်ပဲ ရှိတဲ့အတွက် ဈေးအရမ်း ချိုပါတယ်။ LG ရဲ့  တန်ဖိုးသင့်နဲ့ တန်ဖိုးနည်း ဖုန်းတွေဟာ အမေရိကန်မှာ အောင်မြင်နေပေမယ့် စွမ်းရည်မြင့် ဖုန်းအပိုင်းမှာ Samsung ကို မယှဉ်နိုင်ပါဘူး။

Ref : gsmarena