iQOO က လာမယ့် ၂၅ ရက်နေ့မှာ iQOO 3 5G ကို ကြေညာမယ်လို့ တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ အွန်လိုင်းကနေ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး တရုတ် စံတော်ချိန် နေ့လည် ၂ နာရီခွဲမှာ ပွဲစတင်မှာပါ။

iQOO က UFS 3.1 Storage နဲ့ 48MP ပင်မ အပါအဝင် အနောက်ကင်မရာ ၄ လုံးကို iQOO 3 5G မှာ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ ညာဘက်ခြမ်းမှာ အနီရောင် ပါဝါ ခလုတ်ကို အသံခလုတ်နဲ့ အတူ ထည့်သွင်းထားမှာ ဖြစ်ပြီး ထိတွေ့မှုကို အာရုံခံနိုင်တဲ့ Shoulder ခလုတ်တွေလည်း ပါလာနိုင်ပါတယ်။

Vivo က iQOO 3 5G ရဲ့ တခြား Specs တွေကို မပြောထားပေမယ့် Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 865 SoC မောင်းနှင်ထားပြီး 12GB RAM ပါလာနိုင်ပါတယ်။ TENAA မှာလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်ခဲ့ဖူးပြီး Storage က 128GB နဲ့ 256GB တွေ ထုတ်လုပ်ထားမှာပါ။ 5G နဲ့ 4,370mAh ဘက်ထရီ ပါလာနိုင်ပြီး Fast Charging နဲ့ USB-C Port ထည့်ထားနိုင်ပါတယ်။

၆.၄၄ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာမှာပါ။  မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ မျက်နှာပြင် ညာဘက်အထက်မှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ပါလာမှာပါ။ TENAA က စာရင်းအရ 16MP Resolution ဖြစ်ပါတယ်။

Ref : gsmarena