တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီ Vivo ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ iQOO ဟာ တရုတ်နိုင်ငံတွင်းပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ Super FlashCharge 120W အကြောင်းကို တရားဝင်ပွဲထုတ်ခဲ့ပါတယ်။ ဂိမ်းမင်းစမတ်ဖုန်းတွေကို ဦးစားပေးထုတ်လုပ်တဲ့ ဒီအမှတ်တံဆိပ်ဟာ လာမယ့်သြဂုတ်လအတွင်း ဖြန့်ချိမယ့် စမတ်ဖုန်းမှာ ဒီနည်းပညာကို ထည့်သွင်းလာမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

iQOO ရဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ 120W အမြန်အားသွင်းနည်းပညာဟာ 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း သုညကနေ ၁၀၀% အထိ အားဖြည့်သွင်းပေးနိုင်တယ်လို့ သိရပါတယ်။ ဒီနှုန်းထားဟာ OPPO Find X2 Pro ရဲ့ 65W စွမ်းဆောင်ရည်နဲ့နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆနီးပါး ပိုမြန်တာကို တွေ့မြင်နိုင်ပါတယ်။

iQOO က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ၁၅ မိနစ်သာ ကြာတယ်လို့ သိရပါတယ်။ ဒီအချိန် ၁၅ မိနစ်ကလည်း သရုပ်ပြယူနစ်ကို “၀” ကနေ “၁၀၀” ရာခိုင်နှုန်းအထိ အားသွင်းပြသတဲ့ ကြာချိန်ပဲ ဖြစ်ပါတယ်။ iQOO ရဲ့ Executive က ဒီနည်းပညာ ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပါ အသေးစိတ် ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

ဘက်ထရီဆဲလ်တွေကို တပ်ဆင်ပုံသစ်နဲ့ ခင်းကျင်းထားတာဖြစ်ပြီး၊ ဒီဇိုင်းသစ်ကြောင့်ပဲ 4,000mAh ဘက်ထရီပမာဏကို ၅ မိနစ်အတွင်းမှာ ၅၀% အထိ ရောက်အောင် အားသွင်းနိုင်တာလည်း ဖြစ်ပါတယ်။ လျှပ်စီးကြောင်းဟာ 20V/6A ကနေ 20V/3A စီ ခွဲသွားပြီး ChargePump ကနေ 10V/6A စီထွက်စေကာ ဘက်ထရီဆီ 10V/12A နှုန်းနဲ့ အားသွင်းပေးတာဖြစ်ပါတယ်။ ဒီအခါမှာ 2,000mAh ဘက်ထရီဆဲလ်နှစ်ခုဆီကို 5V/12A နှုန်းအညီအမျှစီ အားသွင်းနိုင်တာလည်း ဖြစ်ပါတယ်။

ဒီနည်းစနစ်နဲ့လာတဲ့ ဟန်းဆက်အနေနဲ့ Graphite layer အပိုဆောင်းပါရှိရမှာဖြစ်သလို၊ အပူချိန်ကိုလျှော့ချဖို့နဲ့ Motherboard ကို ကာကွယ်ဖို့အတွက် အတွင်းပိုင်း အအေးစနစ်တွေလည်း ပေါင်းထည့်ထားရမှာ ဖြစ်ပါတယ်။ iQOO ဟာ လာမယ့် သြဂုတ်မှာမိတ်ဆက်မယ့် ထုတ်ကုန်သစ်အကြောင်းကို ထည့်သွင်းပြောဆိုသွားခြင်းမရှိပေမယ့် 120W FlashCharge ပါဝင်တဲ့ စမတ်ဖုန်းကို ပုံမှန်ထက် စောပြီးတွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: GSM Arena