စမတ်ဖုန်းတစ်လုံးကို ဝယ်မယ်ဆိုရင် စဉ်းစားသင့်တဲ့အချက်တွေထဲမှာ ဒီဖုန်းကို မိခင်ကုမ္ပဏီက Software Support ဘယ်လောက်ထိပေးမှာလဲ ဆိုတာလည်း အပါအဝင်ပါပဲ။ ဈေးပိုသုံးရင် သုံးသလို ဒီအချက်က အရေးပါလှပါတယ်။ ယနေ့မှာ iQOO ကုမ္ပဏီက သူတို့ရဲ့ Flagship အသစ် iQOO 3 အတွက် မက်လောက်စရာ ကတိနဲ့ ဈေးကွက်ထဲဝင်လာခဲ့ပါတယ်။

iQOO India တရားဝင်အကောင့်ကနေ သူတို့ရဲ့တွစ်တာအကောင့်မှာ လက်ရှိ Android 10 OS သာမက iQOO 3 ဟာ နောက်ထပ်ထွက်မယ့် Major Update နှစ်ခုထိ ကျိန်းသေရရှိမယ်လို့ တင်ခဲ့တာပါ။ ဒါ့ကြောင့် Android 10 နဲ့ ထွက်လာမယ့် iQOO 3 ဟာ Android 11 နဲ့ Android 12 တို့ ထွက်လာရင်လည်း Update အရင်ဆုံးရဖို့ အားသာသွားမှာ ဖြစ်ပါတယ်။

အဆိုပါပို့စ်ထဲမှာ iQOO 3 ဟာ Security/OTA Update တွေကို သုံးနှစ်ထိ ရရှိမယ်လို့လည်း ကြေညာထားပြီး ၂၀၂၃ ခုနှစ်ထိ အေးအေးဆေးဆေးသုံးစွဲနိုင်မယ့် သဘောပါပဲ။ ဒီဖုန်းကို ဝယ်ဖို့စောင့်ကြည့်နေသူတွေအတွက်တော့ iQOO ရဲ့ ကြေညာချက်ဟာ တွန်းအားတစ်ခုဖြစ်စေမှာ မလွဲပါဘူး။

iQOO 3 မှာ 6.44” Super AMOLED Display ကို Gorilla Glass 6 နဲ့ ကာကွယ်ထားမှာပါ။ အတွင်းမှာ Snapdragon 865 ချစ်ပ်ဆက်နဲ့အတူ 12GB RAM, 256GB UFS 3.1 Storage မန်မိုရီတို့ ပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်မှာ 48MP ဦးဆောင်တဲ့ Quad-camera အတွဲနဲ့ ရှေ့ဘက်မှာ 16MP ဆဲလ်ဖီးကင်မရာတို့ ပါဝင်ပြီး 4,400 mAh ဘက္ထရီကို 55W အားသွင်းစနစ်ထိ ရရှိမှာပါ။

ဒါပေမယ့် iQOO 3 ရဲ့အခြေခံမော်ဒယ်က ရူပီး ၃၄၉၉၀ (မြန်မာငွေ ခြောက်သိန်းခွဲနီးပါး) သာ ရှိမှာဖြစ်တဲ့အတွက် တော်တော်လေး စိတ်ဝင်စားစရာဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – Gizmo China