iQOO အမှတ်တံဆိပ်ဟာ Vivo ရဲ့စမတ်ဖုန်းစီးရီးသစ်အဖြစ် ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့ပါတယ်။ လအနည်းငယ်အတွင်း သီးသန့်အမှတ်တံဆိပ်အဖြစ် ခွဲထွက်နိုင်ခဲ့ပြီး အစောပိုင်း iQOO ဖုန်းတွေမှာ Vivo ရဲ့ FunTouch OS ကို သုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာ Android 10 ဟန်းဆက်တွေအတွက် Monster UI သို့ ကူးပြောင်းခဲ့ပါတယ်။

ယနေ့မှာ iQOO ရဲ့တရားဝင် Weibo အကောင့်မှ ကြေညာချက်အရ အခုနှစ်ဇွန်လအလယ်လောက်မှာ iQOO UI ကို မိတ်ဆက်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ လအနည်းငယ်လိုသေးတာကြောင့် လက်ရှိမှာ iQOO Software ရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ကုမ္ပဏီက တင်ခဲ့တဲ့ Teaser ပုံထဲမှာလည်း ကွန်မြူနီတီကို ကျေးဇူးတင်ကြောင်းနဲ့ Android 10 ကို အခြေခံထားတဲ့ iQOO UI အား သူ့ရဲ့စမတ်ဖုန်းတွေပေါ်မှာသုံးစွဲနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာပဲ ပါပါသေးတယ်။ iQOO UI ထွက်လာတဲ့အခါ ပထမဆုံးလက်ခံရရှိမယ့် စမတ်ဖုန်းတွေကတော့ iQOO, iQOO Neo, iQOO Pro, iQOO Neo 855, iQOO Neo 855 Racing တို့ပဲဖြစ်ပြီး မကြာသေးခင်က ကြေညာထားတဲ့ 5G ဟန်းဆက်တွေတော့ မပါလာသေးပါဘူး။

iQOO အမှတ်တံဆိပ်ဟာ ဒီနေ့မှာလည်း iQOO Neo 3 5G အမည်ရ ထုတ်ကုန်သစ်ကို မိတ်ဆက်လာဦးမှာပါ။ ဒါပေမယ့် သူနဲ့ပတ်သက်တဲ့ သတင်းတွေမှာ iQOO UI ကိုမတွေ့ထားရတာကြောင့် ထွက်ထွက်ချင်း iQOO UI နဲ့မြင်ရဖို့တော့ မဖြစ်နိုင်လောက်သေးပါဘူး။

Ref – GizmoChina