လက်ရှိ စမတ်ဖုန်းတွေမှာပါဝင်တဲ့ Screen Display တွေကို ကြည့်မယ်ဆိုရင် LCD နဲ့ AMOLED Panel ဆိုတာတွေက အမြဲတမ်းပါနေမှာပါ။ အများစုက AMOLED Display တွေကို ပိုကြိုက်ကြပေမယ့် အချို့ကလည်း LCD Display ကိုပဲ ပိုပြီး သဘောကျတာဖြစ်ပါတယ်။ အဲ့ဒီအတွက် AMOLED Display နဲ့ LCD Display ဘာတွေကွာခြားပြီး ဘာကပိုကောင်းသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

AMOLED Display

AMOLED ဆိုတာက “Active Matrix Organic Light Emitting Diode” ကိုဆိုလိုချင်တာဖြစ်ပြီးတော့ AMOLED Display တွေကို ဘယ်လိုပြုလုပ်ထားလဲဆိုရင် လျှပ်စစ်ပေးလိုက်ရင် မီးလင်းလာတဲ့ အလွန်ပါးလွှာတဲ့ Polymer အလွှာကနေပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် AMOLED Display တွေက LCD Display တွေထက် ပါးလွှာပြီးတော့ နောက်ခံကနေ အလင်းပေးစရာမလိုတော့ပါဘူး။

နောက်တစ်ခုက AMOLED Display တွေမှာ True Black လို့ ခေါ်တဲ့ အမည်းရောင်ကို အလင်းပေးခြင်းမရှိပါဘူး။ အဲ့ဒီအတွက် စစ်မှန်တဲ့ အမည်းရောင်ကို ရရှိမှာဖြစ်သလို Display ကို အလင်းပေးခြင်းမရှိတဲ့အတွက် တကယ်လို့ AMOLED Display တပ်ဆင်ထားတဲ့ဖုန်းဆိုရင် Screen Wallpaper ကို အနက်ရောင်ပြောင်းထားတာက ပိုပြီး Battery ကို ချွေတာနိုင်မှာပါ။

LCD Display

LCD ဆိုတာက “Liquid Crystal Display” ကို ဆိုလိုချင်တာဖြစ်ပြီး LCD Display တွေဟာ TV တွေ၊ Laptop Monitor တွေမှာလည်း ယခင်ထဲက အသုံးပြုနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ LCD Display တွေက Liquid Crystal တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့ Dual Glass Panels နဲ့ အနောက်က Backlight ပေးဖို့လိုအပ်တဲ့အတွက် AMOLED Display တွေနဲ့ယှဉ်ရင် ပိုပြီးထူနေမှာဖြစ်ပါတယ်။

LCD တွေမှာ အနောက်ကနေ Backlight ပေးရတဲ့အတွက် အနက်ရောင်မှာဆိုရင်လည်း အနောက်က မီးအလင်းရောင် အဖြူတွေပေါ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် LCD Display က ထွက်လာတဲ့ အရောင်တွေက ပိုပြီး သဘာဝကျတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ဖုန်းတွေမှာလည်း IPS – In-Plane Switching လို့ ခေါ်တဲ့ ဘေးစောင်းကြည့်လည်း မြင်ရတဲ့နည်းပညာတွေကို သုံးလာကြပြီဖြစ်ပါတယ်။

AMOLED နဲ့ LCD မှာ ဘာပိုကောင်းလဲ?

အခုမေးခွန်းက ဖြေရတော့ အနည်းငယ်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် AMOLED နည်းပညာက LCD ထက်ပိုပြီး အဆင့်မြှင့်တဲ့အပြင် နေရာတော်တော်များများမှာလည်း ပိုပြီးကောင်းမွန်နေတာဖြစ်ပါတယ်။ ဘယ်လောက်ထိတောင်လည်းဆိုရင် AMOLED ရဲ့ တောက်ပပြီး အရောင်တွေစိုပြေနေတဲ့ Display က LCD Display ကို မှေးမှိန်သွားစေတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလောလောဆယ်အထိတော့ LCD Display တွေက အရောင်ပိုပြီး သဘာဝကျတယ်လို့ ပြောနိုင်တဲ့အတွက် သဘာဝဆန်တဲ့အရောင်တွေလိုချင်ရင်တော့ LCD Display ကအဆင်ပြေမှာပါ။