ဒီသတင်းက ၂၀၂၂ ခုနှစ် ရဲ့ ဒုတိယနှစ်ဝက်မှာ အတော်လေးကို ထူးဆန်းတဲ့ သတင်းတစ်ခုလို ဖြစ်နေပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ဝန်ကြီး Taro Kono က ဂျပန်နိုင်ငံသားတွေအနေနဲ့ Floppy disks တွေကို စွန့်လွှတ်သင့်ပြီဖြစ်ကြောင်း Twitter ကတစ်ဆင့် ထုတ်ပြန်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ Floppy disks တွေကို သုံးနေကြတုန်းပဲလားလို့ အံ့သြတကြီး မေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ အီလက်ထရွန်းနစ်စက်မှုလုပ်ငန်းတွေ၊ စက်ရုပ်တွေ၊ ဆိုက်ဘာယဉ်ကျေးမှုတွေမှာ ထိပ်တန်းအဆင့်ပါဝင်နေတဲ့ ဒီနိုင်ငံကြီးမှာ Floppy disks ကို သုံးနေကြတုန်းပါပဲ။

ပထမဦးဆုံး Commercial floppy disks တွေက ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ IBM ရဲ့ Component အဖြစ်နဲ့ စီးပွားဖြစ်ထုတ်လုပ်လာပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ မူလကအရွယ်အစားဟာ ၃၂ လက်မရှိခဲ့ပေမဲ့ IBM က စီးပွားဖြစ်ထုတ်လုပ်ချိန်မှာတော့ ၈ လက်မအရွယ်အစားသာ ရှိပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က သုံးစွဲခဲ့တဲ့ နည်းပညာတစ်ခုကို အခုအချိန်ထိ ဂျပန်နိုင်ငံမှာ သုံးနေကြတာကတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တုန်းက ဂျပန်ရဲတပ်ဖွဲ့ဝင်အချို့ဟာ Floppy disks နဲ့ နိုင်ငံသား ၃၈ ဦးရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လွှဲပြောင်းသယ်ဆောင်စဉ်မှာ အဆိုပါ Floppy disks ကမတော်တဆပျောက်ဆုံးသွားခဲ့ပြီး အချက်အလက်တွေလည်း ပျောက်ဆုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

အဆိုပါသတင်း ထွက်ပေါ်လာတုန်းက ဂျပန်နိုင်ငံရဲ့ အစိုးရအေဂျင်စီတွေဟာ ဒီလိုရှေးဟောင်းပစ္စည်းတွေကို ဆက်လက်အသုံးပြုနေကြတယ်ဆိုတာကို အတော်များများက မယုံကြည်ခဲ့ကြပါဘူး။ ဒါပေမဲ့ Nikkei ရဲ့ သတင်းဖော်ပြချက်အရ Yamagata ဘဏ်တစ်ခုတည်းမှာပဲ တစ်လအတွင်း ဝန်ထမ်းလစာ ဒေတာလွှဲပြောင်းဖို့အတွက် Floppy disks အသုံးပြုမှု တစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့အဖွဲ့အစည်းတစ်ခုကလည်း အသက် ၁၅ နှစ်ကနေ ၂၉ နှစ်ကြား လူငယ် ၃၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ၂၀% နီးပါးက Floppy disks ကို အသုံးပြုနေကြတာ တွေ့ရှိရပါတယ်။

Floppy disks တွေကို ၁၉၉၀ ပြည့်နှစ်ကစပြီး သုံးစွဲမှုနှုန်း ပြင်းထန်ပေါက်ကွဲလာခဲ့ရာမှာ ၁၉၉၆ ခုနှစ်မှာ Floppy disks ပေါင်း ၅ ဘီလီယံအထိ သုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း Memory 1.44MB ပဲရှိသလို အလွယ်တကူပျက်စီးသွားတတ်တဲ့ ဒီပစ္စည်းထက် ပိုကြီး၊ ပိုဆန့်ပြီး ပိုယုံကြည်စိတ်ချရတဲ့ ထုတ်ကုန်တွေနဲ့ အစားထိုး သုံးစွဲလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

Ref: Gizchina