ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်သမ္မတဖြစ်ခဲ့တဲ့ Trump ဟာ တရုတ်နဲ့ကုန်သွယ်ရေးစစ်အတွင်း နိုင်ငံရဲ့လုံခြုံရေးကိုအကြောင်းပြုပြီး တရုတ်နည်းပညာတွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒီထဲမှာ လူကြိုက်များတဲ့ ဖျော်ဖြေရေး App တစ်ခုဖြစ်တဲ့ TikTok လည်း ပါဝင်ခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။

အမေရိကန်အနေနဲ့ TikTok ကို လုံးဝပိတ်ပင်ဖို့ရည်ရွယ်ချက်မရှိခဲ့တာကြောင့် ဝယ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ByteDance ဟာ အပြီးသတ်ရောင်းချခြင်းမပြုခဲ့ဘဲ အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းတဲ့ နည်းလမ်းကိုအသုံးပြုခဲ့ပါတယ်။ အဲဒါကတော့ Oracle ကို ရှယ်ယာ ၁၂.၅% ပိုင်ဆိုင်ခွင့်ပေးပြီး Walmart ကို ရှယ်ယာ ၇.၅% ပိုင်ဆိုင်ခွင့်ပေးလိုက်တာပါ။ ဒါကြောင့် ByteDance ဟာ ကျန်တဲ့ရှယ်ယာ ၈၀% ကိုဆက်ကိုင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆုံးသတ်မသွားတဲ့ တရုတ်−အမေရိကန် အားပြိုင်မှုဟာ သမ္မတသစ် Joe Biden လက်ထက်မှာ ပိုပြီးတော့တောင် ပြင်းထန်လာတယ်လို့ ဆိုနိုင်ပါတယ်။ Biden ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ တရုတ်ကာကွယ်ရေးနဲ့ နည်းပညာကုမ္ပဏီ ၅၉ ခုကို ပိတ်ပင်လိုက်တာပါ။ မကြာခင်ကပဲ လက်မှတ်ထိုးလိုက်တဲ့ Biden ရဲ့ ညွှန်ကြားချက်အရ Trump လက်ထက်က စည်းမျဉ်းစည်းကမ်းတွေကို နောက်ထပ်ပြင်ဆင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အစားထိုးမဲ့အကြောင်း ပါဝင်ပါတယ်။

Biden လက်ထက်တရုတ်နဲ့စီးချင်းထိုးမှုဟာ အပေါ်ယံမှာ ပျော့ပြောင်းတယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ အကင်းပါးစွာနဲ့ ချဉ်းကပ်နေတာက သိသာထင်ရှားနေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်အတွက် ထုတ်လိုက်တဲ့မူဘောင်သစ်အရ တရုတ်အစိုးရနဲ့ဆက်စပ်နေတဲ့ နည်းပညာကိစ္စရပ်မှန်သမျှ ပိုပြီးတော့တင်းကျပ်လာတာကိုပဲ မြင်တွေ့ရတော့မယ်လို့ ဆိုရတော့မှာပါ။

Biden ရဲ့ မူအရ နိုင်ငံခြားပိုင် App တွေကို အကဲဖြတ်ပုံဟာ ပိုပြီးတင်းကျပ်လာသလို၊ အရေးယူမှုဟာလည်း ပိုပြီးတော့ ပြင်းထန်လာမဲ့ စနစ်တစ်ခု ထွက်ပေါ်လာမှာသေချာနေပါတယ်။ ဒါဟာ တရုတ်နဲ့မလွတ်ကင်းတဲ့ TikTok အပါအဝင် အခြား Application တွေအတွက်တော့ ပိုပြီးတော့ကြီးမားတဲ့ ခြိမ်းခြောက်မှုအသွင် ဖြစ်ပေါ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် Biden ရဲ့ ညွှန်ကြားချက်အသစ်က TikTok အတွက် သတင်းကောင်းထက်၊ သတင်းဆိုးတွေကို သယ်ဆောင်လာမယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Ref: The Verge