Android စမတ်ဖုန်းမှာ Google Chrome Browser ကို အသုံးပြုနိုင်တယ်ဆိုပေမယ့် လက်ရှိ PC အတွက်ထွက်ရှိထားတဲ့ Chrome Browser မှာ အသုံးပြုနေသလိုမျိုး Web Extension တွေကိုတော့ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် Samsung နဲ့ Kiwi Browser ကနေ Chromium Engine အသုံးပြုထားတဲ့ Web Browser App တွေမှာ Extension တွေအသုံးပြုနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Kiwi Browser ဟာ Android ဖုန်းတွေအတွက် Chrome Extension တွေအသုံးပြုနိုင်တဲ့ ပထမဆုံး Browser App ဖြစ်ပြီး နောက်ပိုင်းမှ Yandex Browser လည်း Chrome Extension တွေကို Support ပြုလုပ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက Kiwi Browser ဟာ တခြားသော Developer တွေအနေနဲ့ Chromium Extension တွေကို အသုံးပြုနိုင်ဖို့အတွက် Open-Source Project အနေနဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung က Developer တစ်ဦးကတင်ထားခဲ့တဲ့ Code ပြောင်းလဲမှုတစ်ခုကနေတစ်ဆင့် Samsung ကပါ Kiwi Browser နဲ့ ပူးပေါင်းပြီးတော့ အခုလို Chrome Extension တွေအသုံးပြုနိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Kiwi ကုမ္ပဏီဘက်က Developer ရဲ့ ပြောကြားချက်အရတော့ အနည်းဆုံး ကုမ္ပဏီကြီး ၃ ခုခန့်က Chrome Extension တွေကို Support ပေးနိုင်မယ့် ကိုယ်ပိုင် Browser တွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ Android မှာလူသုံးအများဆုံး Browser တွေဖြစ်တဲ့ Google Chrome ၊ Microsoft Edge နဲ့ Samsung Internet Browser တွေအကုန်လုံးက Chromium Engine ကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် အခုအတိုင်းဆိုရင် PC Version မှာအသုံးပြုနိုင်တဲ့ Extension တွေကို Android မှာလည်း အသုံးပြုနိုင်ဖို့က နီးစပ်နေပြီလို့ ယူဆရပါတယ်။

Ref – 9to5Google