ကိုယ်နဲ့ ဝါသနာတူ၊ အကြိုက်တူချင်း စိတ်ဝင်စားစရာတွေ အပြန်အလှန် ဖလှယ်ကြဖို့ Facebook Groups (အဖွဲ့တွေ) ကို ချိတ်ဆက်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အဖွဲ့တစ်ခုမှာ ဆွေးနွေးထားတဲ့ အချက်အလက်တွေကို အဖွဲ့ဝင်တွေပဲ သီးသန့်မြင်နိုင်တဲ့ပုံစံနဲ့ ထားမယ်ဆိုရင်တောင် သူတို့အနေနဲ့ Facebook အသုံးပြုသူ အားလုံး လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရမှာပါ။ Facebook ရဲ့ လူမှုစံနှုန်းက အများဆိုင် (Public) ဖြစ်စေ၊ သီးသန့်(Private) ဖြစ်စေ အဖွဲ့တွေ အားလုံးအပေါ် သက်ရောက်မှုရှိသလို Facebook ရဲ့ ကြိုတင် စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကိရိယာတွေကလည်း ဒီအဖွဲ့ပုံစံနှစ်မျိုးစလုံးမှာ အလုပ်လုပ်နိုင်ပါတယ်။ ဆိုလိုတာကတော့ ပြဿနာတစ်ခုကို တစ်ယောက်ယောက်က မတိုင်ကြားခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ AI က လူမှုစံနှုန်းကို ချိုးဖောက်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကို ရှာဖွေစစ်ဆေးတွေ့ရှိနိုင်ပြီး ဘယ်သူမှ မမြင်ရသေးခင် ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ အန္တရာယ်ရှိတဲ့ အကြောင်းအရာနဲ့ သတင်းအမှားတွေကို လျော့ချနိုင်ဖို့ ဆောင်ရွက်ထားတဲ့ အပြောင်းအလဲတွေ အပါအဝင် အဖွဲ့တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ Facebook ရဲ့ မူဝါဒတွေ ဖြစ်တဲ့ “အကွက်ချစီစဉ်ထားသော မုန်းတီးရေးလုပ်ရပ်”ကို ချိုးဖောက်ထားတဲ့အတွက် အဖွဲ့အတွင်းမှာ မျှဝေထားတဲ့ အကြောင်းအရာပေါင်း (၁.၅) သန်းခန့်ကို ဖယ်ရှားခဲ့ပြီး ဒီအထဲက (၉၁%) ကို တစ်ယောက်ယောက်က မတိုင်ကြားခင်မှာ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါ့အပြင် Facebook ရဲ့ အမုန်းစကားဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်ထားတဲ့ အဖွဲ့တွေထဲက အကြောင်းအရာပေါင်း (၁၂) သန်းခန့်ကို ဖယ်ရှားနိုင်ခဲ့ပြီး (၈၇%) က Facebook ဘက်ကနေ ကြိုတင်တွေ့ရှိခဲ့တာပါ။

ဒါကတော့ အဖွဲ့တွေထဲမှာ မျှဝေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာပါ။ အဖွဲ့တစ်ခုလုံးအတွက် ဆိုရင်တော့ အကယ်၍ အဖွဲ့တစ်ခုဟာ Facebook ရဲ့ စံနှုန်းတွေကို ချိုးဖောက်ဖို့အတွက်ပဲ ရည်ရွယ်ပြီး ဖွင့်ထားမယ်၊ ဒါမှမဟုတ် သူတို့တင်တဲ့ အကြောင်းအရာတွေက လူမှုစံနှုန်းကို ထပ်ခါတစ်လဲလဲ ချိုးဖောက်ထားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အဖွဲ့တစ်ခုလုံးကို ဖြုတ်ချသွားမှာပါ။ အဆိုပါ မူဝါဒတွေကို ချိုးဖောက်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ တစ်နှစ်တာ အတွင်းမှာ အဖွဲ့ပေါင်း (၁) သန်းကျော်ကို ဖယ်ရှားခဲ့ပါတယ်။

စည်းမျဉ်းချိုးဖောက်သူများအား တားဆီးဟန့်တားခြင်း

Facebook ရဲ့ လူမှုစံနှုန်းတွေကို ထပ်ခါတစ်လဲလဲ ချိုးဖောက်နေတဲ့သူတွေအနေနဲ့ အဖွဲ့အသစ်တွေ ထပ်ပြီး ဖန်တီးနိုင်တာမျိုးမဖြစ်ရအောင် ကြိုတင်တားဆီးတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နေပါတယ်။ Facebook မှာ လက်ရှိကျင့်သုံးနေတဲ့ ပြစ်မှုပြန်လည်ကျူးလွန်တတ်ခြင်းဆိုင်ရာမူဝါဒ အရ ကျွန်တော်တို့ ဖယ်ရှားလိုက်တဲ့ အသင်းအဖွဲ့နဲ့ ပုံစံတူ အခြားအဖွဲ့တစ်ခု ထပ်ပြီး ဖွဲ့တာမျိုးမလုပ်နိုင်အောင် အဖွဲ့စီမံသူတွေ (admins) ကို ဟန့်တားထားပါတယ်။ ဆက်ပြောရမယ်ဆိုရင် မူဝါဒချိုးဖောက်မှုတွေကြောင့် ဖယ်ရှားခံလိုက်ရတဲ့ အဖွဲ့တွေရဲ့ စီမံသူနဲ့ စိစစ်သူ (moderators) တွေဟာ အချိန်ကာလ တစ်ခုအထိ ဘယ်လို အသင်းအဖွဲ့ အသစ်ဖြစ်စေ ထပ်ပြီး ဖွဲ့လို့မရတော့ပါဘူး။

အဖွဲ့ထဲမှာ ဘယ်လို လူမူစံနှုန်းကို ဖြစ်စေ ချိုးဖောက်ထားတဲ့ အဖွဲ့ဝင်တွေဆိုရင်တော့ ရက်(၃၀) အတွင်း သူတို့ရဲ့ ပို့စ်တွေကို အဖွဲ့ထဲမှာပြသဖို့အတွက် ပို့စ်တင်တိုင်း အတည်ပြုမှုရဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်လိုက်တဲ့အတွက် စီမံသူနဲ့ စိစစ်သူ တစ်ယောက်ယောက်က အတည်ပြုမှု မပေးမချင်း သူတို့ရဲ့ ပိုစ့်ကို အခြားအဖွဲ့ဝင်တွေ တွေ့မြင်လိုက်ရတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အကယ်၍ အဖွဲ့စီမံသူတွေ ဒါမှမဟုတ် စိစစ်သူတွေက Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်ထားတဲ့ ပိုစ့်တွေကို အကြိမ်ကြိမ် အတည်ပြုပေးနေမယ်ဆိုရင်တော့ အဲ့ဒီ့အဖွဲ့ကို ကျွန်တော်တို့ ဖယ်ရှားသွားမှာပါ။

အဖွဲ့များတွင် စီမံသူတစ်ဦး ပုံမှန်ရှိနေစေရန် ကူညီပေးခြင်း

စီမံသူတွေဟာ အဖွဲ့တွေရဲ့ ရည်ရွယ်ချက်နဲ့ ဓလေ့ထုံးတမ်းကို ပိုပြီး ခိုင်မာမှုရှိအောင် မြှင့်တင်ပေးရာမှာ အဓိက တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အဖွဲ့စီမံသူတွေဟာ သူတို့တာဝန်ယူထားတဲ့ နေရာကနေ ဆင်းသွားနိုင်သလို၊ အဖွဲ့ကနေလည်း ထွက်ခွာသွားနိုင်ပါတယ်။ အဖွဲ့တွေကို ကျွန်တော်တို့ရဲ့ ကြိုတင်စစ်ဆေး ဖော်ထုတ်နိုင်တဲ့ နည်းပညာနဲ့ ဆက်ပြီး စစ်ဆေးလို့ ရနိုင်ပေမယ့် ပုံမှန် စောင့်ကြည့်ပေးမယ့် စီမံသူတွေ ရှိနေတာက အဖွဲ့ သက်ဝင်လှုပ်ရှားနေဖို့နဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေ ပိုများလာဖို့ အထောက်အပံ့ ဖြစ်စေတယ် ဆိုတာကို သိနားလည်ပါတယ်။ အခုဆိုရင် Facebook က စီမံသူရာထူးကို စိတ်ဝင်စားနိုင်လောက်မယ့် အဖွဲ့ဝင်တွေကို ကမ်းလှမ်းပေးနေပါတယ်။ ဒီကမ်းလှမ်းမှုတွေကို ပြုလုပ်ရာမှာ အဖွဲ့ဝင်တွေရဲ့ လူမှုစံနှုန်း ချိုးဖောက်ထားတဲ့ ရာဇဝင် ရှိ၊ မရှိ စတဲ့ အချက်အပါအဝင် အချက်တွေအများကြီးကို ထည့်သွင်းစဉ်းစား ထားပါတယ်။

လာမယ့်ရက်သတ္တပတ်တွေကစလို့ အချိန်အတိုင်းအတာ တစ်ခုကြာတဲ့အထိ စီမံသူတစ်ယောက်မှ မရှိတော့တဲ့ အဖွဲ့တွေကို စတင် သိမ်းဆည်း လိုက်တော့မှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း တစ်ဦးထဲသာ ကျန်ရှိတဲ့ စီမံသူက သူ့နေရာကနေ ဆင်းဖို့ ရွေးချယ်လိုက်ပြီဆိုရင် တစ်ခြားအဖွဲ့ဝင်တွေကို စီမံသူတွေအဖြစ် ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဖိတ်ခေါ်လိုက်တဲ့ အဖွဲ့ဝင်တွေက လက်မခံဘူးဆိုရင် Facebook ကနေ စိတ်ဝင်စားလောက်မယ့် အဖွဲ့ဝင်တွေကို စီမံသူရာထူးအတွက် ကမ်းလှမ်းပေးသွားမှာပါ။ ဒီကမ်းလှမ်းချက်တွေကို လက်ခံမယ့်သူ မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ ဒီလို အဖွဲ့တွေကို သိမ်းဆည်းလိုက်တော့မှာ ဖြစ်ပါတယ်။

ကျန်းမာရေး အဖွဲ့များသို့ ဝင်ရောက်ရန် အကြံပြုချက်များကို ဖယ်ရှားခြင်း

ကျန်းမာရေး အဖွဲ့တွေ အပါအဝင် Facebook အဖွဲ့တွေဟာ လူတွေရဲ့ဘဝမှာ အခက်အခဲကြုံ တွေ့နေရတဲ့ အခြေအနေမှာ အကူအညီပေးနိုင်၊ အကူအညီရယူနိုင်ဖို့ အကျိုးပြုတဲ့နေရာတစ်ခု ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူတွေအတွက် တရားဝင်သတင်းရင်းမြစ်ကနေ ကျန်းမာရေး သတင်းအချက်အလက်တွေ ရနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအကြား တိကျသေချာတဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကိုသာ ဖလှယ်ကြဖို့ ဦးစားပေးဆောင်ရွက်တဲ့အနေနဲ့ အဖွဲ့ဝင်ဖို့ အကြံပြုချက် ပြတဲ့နေရာမှာ ကျန်းမာရေး ဆိုင်ရာအဖွဲ့တွေကို စတင်ပြီး ဖယ်ရှားနေပါပြီ။ လူတစ်ဦးက ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတဲ့ အဖွဲ့ကိုဝင်ဖို့ သူငယ်ချင်းတွေကို ဖိတ်လို့ရနိုင်သေးသလို၊ ဒီအဖွဲ့တွေကိုလည်း ရှာဖွေနိုင်ပါသေးတယ်။

အဖွဲ့အပါအဝင် ကျွန်တော်တို့ အကြံပြုထားတဲ့ အကြောင်းအရာ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သိရှိလိုတယ်ဆိုရင် မကြာသေးမီက လူအများဝင်ရောက် ကြည့်ရှုနိုင်အောင် ပြသပေးထားတဲ့ အကြံပြုချက်ပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များမှာ ဖတ်ရှုနိုင်ပါတယ်။

အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အဖွဲ့အစည်းများနှင့် လှုပ်ရှားမှုများကို ဆက်လက် တားဆီးခြင်း

အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့တွေအပေါ် အရေးယူမှုတွေကို ဒီနှစ်နွေမှာလည်း ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေး လက်ယာယိမ်း အစွန်းရောက် လှုပ်ရှားမှုတွေဖြစ်တဲ့ boogaloo နဲ့ ပတ်သက်မှုရှိတဲ့ အမေရိကန်အခြေပြု အကြမ်းဖက် အစိုးရဆန့်ကျင်မှုကွန်ရက်ကို ပိတ်ပင်ခဲ့ပြီး သူတို့ရဲ့ အဖွဲ့ပေါင်း (၁၀၆) ဖွဲ့ကိုလည်း ဖယ်ရှားခဲ့ပါတယ်။ အများပြည်သူ ဘေးကင်းလုံခြုံရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ် ဆိုတာ သိသာထင်ရှားတဲ့ အဖွဲ့အစည်းတွေနဲ သူတို့ရဲ့လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ရဲ့ မူဝါဒကို ပိုပြီးဖြန့်ကြက်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေထဲမှာ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးတဲ့ မင်းမဲ့ဝါဒီ အဖွဲ့တွေ၊ US အခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေနဲ့ QAnon အဖွဲ့တွေလည်း အပါအဝင် ဖြစ်ပါတယ်။

အခုဆိုရင် ကျွန်တော်တို့ဟာ အဆိုပါ အဖွဲ့တွေကို အကြံပြုချက်တွေကနေ ဖယ်ရှားတာ၊ သူတို့တွေကို ရှာဖွေလို့ မရအောင် ကန့်သတ်တာတွေ လုပ်ဆောင်နေပြီး မကြာခင်မှာဆိုရင်တော့ သူတို့ရဲ့ ပိုစ့်တွေကို သတင်းစဥ်မှာ ပြသတာကိုလည်း လျှော့ချသွားမှာပါ။ အဆိုပါအဖွဲ့တွေအနေနဲ့ ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးနေတယ်ဆိုရင် စကားဝှက်တွေ၊ သင်္ကေတတွေ သုံးပြီးဆွေးနွေးတယ်ဆိုရင်တောင် အဲဒီ့အဖွဲ့တွေကို ကျွန်တော်တို့ ဖယ်ရှားပါတယ်။ ဥပမာအားဖြင့် အဆိုပါ မူဝါဒအရ QAnon နဲ့ ပတ်သက်မှုရှိတဲ့ အဖွဲ့ပေါင်း (၇၉၀) ကို ဖယ်ရှားခဲ့ပါတယ်။

အသင်းအဖွဲ့များအတွင်းရှိ သတင်းအချက်အလက်အမှားများကို တိုက်ဖျက်ခြင်း

Facebook ပေါ်မှာ သတင်းအချက်အလက်အမှားတွေကို ဖယ်ရှားတိုက်ဖျက်ဖို့အတွက် ဘက်လိုက်မှုကင်းပြီး နိုင်ငံတကာကွန်ရက် ချိတ်ဆက်ထားတဲ့ အချက်အလက်စစ်ဆေးသူတွေကို အသုံးပြုကာ “ဖယ်ရှား၊ လျှော့ချ၊ အသိပေး” လမ်းစဥ်ကို အသုံးပြုပါတယ်။ ဒီကွန်ရက်က Facebook ပေါ်က အဖွဲ့တွေအတွက် အောက်ပါ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးနေပါတယ်။

● Facebook လူမှုစံနှုန်းများအား ချိုးဖောက်ထားသော အကြောင်းအရာများကို မျှဝေလေ့ရှိသည့် အဖွဲ့များအား ဖယ်ရှားခြင်း – စီမံသူတွေ၊ စိစစ်သူတွေဟာ ကျွန်တော်တို့ Facebook ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ထားတဲ့ အကြောင်းအရာတွေကို ထပ်ခါတစ်လဲလဲ ပိုစ့်တင်မယ် ဒါမှမဟုတ် အတည်ပြုပေးနေမယ်ဆိုရင် အဲ့ဒီ့အဖွဲ့တစ်ခုလုံးကို ဖြုတ်ချပါတယ်။

● သတင်းအချက်အလက်အမှား မျှဝေသော အဖွဲ့များ၏ ပြသမှုနှုန်းကို လျှော့ချခြင်း – အချက်အလက်စစ်ဆေးသူတွေက သတင်းအချက်အလက်အမှားလို့ သတ်မှတ်ထားတဲ့ အကြောင်းအရာ တွေကို အဖွဲ့တစ်ခုဟာ ထပ်ခါတစ်လဲလဲ မျှဝေနေမယ်ဆိုရင်တော့ Facebook ပေါ်က တစ်ခြားသူတွေကို ဒီအဖွဲ့ထဲကိုဝင်ဖို့ အကြံပြုပေးမှာ မဟုတ်တော့ပါဘူး။ ဒီအဖွဲ့ထဲမှာရှိတဲ့ အကြောင်းအရာတွေ အားလုံး ကို သတင်းစဉ်ရဲ့ ပြသ၊ တွေ့မြင်နိုင်မှု အဆင့်ကိုလည်း လျှော့ချလိုက်မှာဖြစ်ပြီး အသိပေးချက် ပေးပို့မှုကို ကန့်သတ်လိုက်တဲ့အတွက် အဖွဲ့ဝင်အနည်းငယ်ပဲ သူတို့ပိုစ့်ကို မြင်ရတော့မှာပါ။

● သတင်းအချက်အလက်အမှား တွေ့ရှိသူများအား အသိပေးခြင်း – အချက်အလက်စစ်ဆေးသူတွေ စစ်ဆေးပြီးတဲ့ အကြောင်းအရာအပေါ်မှာ အသိပေးချက်တစ်ခု ထည့်ပေးထားတဲ့အတွက် အသုံးပြုတဲ့ သူတွေအနေနဲ့ အပိုဆောင်း နောက်ခံအချက်အလက်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို မျှဝေဖို့မကြိုးစားမီ အသိပေးချက်တစ်ခု ပြသပြီး အခု မျှဝေချင်တဲ့ အကြောင်းအရာမှာ သတင်းအချက်အလက်အမှားတစ်ခုခု ပါနေတယ်ဆိုတာ သိအောင်ပြသပါတယ်။ အဖွဲ့ စီမံသူတွေအနေနဲ့လည်း အချက်အလက်စစ်ဆေးသူတွေက အမှားလို့ သတ်မှတ်ထားတဲ့ အကြောင်းအရာ တစ်ခုကို အဖွဲ့ထဲမှာ မျှဝေချိန်တိုင်း အသိပေးချက်တွေ ရရှိပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ခြုံငုံသုံးသပ်ချက် တစ်ခုကိုတော့ အဖွဲ့အရည်အသွေးထိန်းသိမ်းရေး လုပ်ဆောင်ချက်မှာ ကြည့်ရှုနိုင်ပါတယ်။

Facebook ပေါ်မှာ အဖွဲ့တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမှာတွေ အများကြီး ရှိနေသေးတယ်လို့ ကျွန်တော်တို့ နားလည်လက်ခံထားပါတယ်။ အဖွဲ့တွေဟာ လူတွေအတွက် အကူအညီ ရှာဖွေဖို့နဲ့ ဝါသနာတူချင်း ချိတ်ဆက်ပေးနိုင်မယ့် နေရာတစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားနိုင်အောင် ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ မူဝါဒတွေကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားပါဦးမယ်။

Writer – အင်ဂျင်နီယာဌာနမှ ဒုတိယဥက္ကဌ ဖြစ်သူ Tom Alison
Source – Facebook