Samsung က စွမ်းရည်သင့် Galaxy A70 ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပြီး Infinity-U မျက်နှာပြင်၊ အနောက်ကင်မရာ ၃ လုံးနဲ့ Snapdragon 675 Processor တွေ ပါလာပါတယ်။ အဲဒီနောက်မှာ Specs အများစု တူတဲ့ Galaxy A70s ကို ကြေညာခဲ့ပြီး 32MP အစား 64MP ကင်မရာနဲ့ အစားထိုးခဲ့ပါတယ်။ အခုတော့ Galaxy A70e ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး အဲဒီဖုန်းဟာ Galaxy A70 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။

ဓါတ်ပုံတွေအရ Galaxy A70e မှာ A70 နဲ့ A70s မှာလို Infinity-U မျက်နှာပြင် ပါလာပေမယ့် မျက်နှာပြင် ပတ်လည်က ဘောင်တွေဟာ ပိုထူနေပါတယ်။ ဒါဟာ နမူနာမော်ဒယ်လား၊ ရောင်းမယ့် မော်ဒယ်လားဆိုတာ မသိရသေးပါဘူး။ မျက်နှာပြင် အရွယ်အစားက ၆.၁ လက်မ ဖြစ်ပြီး မျက်နှာပြင်အပြား ဒီဇိုင်း ဖြစ်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို LED Flash ၁ လုံးနဲ့အတူ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ A70 နဲ့ A70s မှာ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပေမယ့် A70e မှာ အနောက်ဘက်မှာပဲ ရိုးရိုး လက်ဗွေရာ ကိရိယာ တပ်ဆင်ထားတာက ထူးခြားပါတယ်။ အနောက်ဘက် လက်ဗွေရာ ကိရိယာနဲ့ AMOLED မျက်နှာပြင် ပါတဲ့ ဖုန်းတွေကို Samsung ထုတ်လုပ်ထားတဲ့အတွက် A70e မှာ AMOLED မပါဘူးလို့ မပြောနိုင်ပါဘူး။ ဥပမာပြရရင် Galaxy A30 ပါ။

A70e ရဲ့ ထိပ်ဖက်မှာ Audio Jack နဲ့ အောက်ခြေမှာ စပီကာအပေါက် ၊ microUSB Port နဲ့ မိုက်ကရိုဖုန်းတွေ တပ်ဆင်ထားပါတယ်။ အသံနဲ့ ပါဝါခလုတ်တွေကို ညာဘက်နဲ့ SIM Tray ကို ဘယ်ဘက်မှာ ထည့်သွင်းထားပါတယ်။ A70e ရဲ့ တခြား Specs တွေကို မသိရသေးပေမယ့် နောင်တော် Galaxy A70 Series တွေထက် ဈေးချိုနိုင်ပါတယ်။ အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး ကြေညာတဲ့အချိန်မှာ ဒီထက် အရောင်ပိုစုံလာနိုင်ပါတယ်။

Ref : gizmochina