ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ဒုတိယပတ်ကတည်းက Samsung Galaxy A52 5G ကို Geekbench မှာ Snapdragon 750G နဲ့အတူ တွေ့ခဲ့ရပါတယ်။ နောက်တစ်လကြာချိန် ဒီဇင်ဘာလဆန်းမှာတော့ Galaxy A52 ရဲ့ ရုပ်ပုံအချို့ပေါ်ထွက်လာခဲ့ပြန်ပါတယ်။

ဒီနှစ် ဇန်နဝါရီလပထမပတ်ထဲမှာတော့ Galaxy A52 ကို 15W Charging နဲ့အတူ တရုတ် 3C ရဲ့ Certification ရလာတာကို တွေ့မြင်ကြရပြန်ပါတယ်။ ဒါကြောင့် ဒီဟန်းဆက်ကို မကြာခင်အချိန်အတွင်း တရားဝင်မိတ်ဆက်လာဖို့ စောင့်ဆိုင်းနေကြရပြီ ဖြစ်ပါတယ်။

အခုတော့ တရားဝင်မိတ်မဆက်ခင်မှာပဲ Galaxy A52 ရဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံအပါအဝင် အချို့ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိရှိနိုင်စေတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ Galaxy A51 ကို ၂၀၁၉ ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့တာကြောင့် အစဉ်အလာအတိုင်းဆိုရင် Galaxy A52 ရဲ့ မိတ်ဆက်ချိန်က နောက်ကျနေတယ်လို့ ဆိုရမှာပါ။

အခုမြင်တွေ့ရတဲ့ Galaxy A52 ရဲ့ ဓါတ်ပုံဟာ Great Noida စက်ရုံဘက်ကနေ ပေါက်ကြားထွက်ပေါ်လာတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် စက်ရုံဟာ Galaxy A52 တွေကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီလို့လည်း သိရပါတယ်။ ကျောဘက်ကင်မရာဖွဲ့စည်းပုံကတော့ ကနဦး Render ပုံတွေလိုပဲ ထောင့်မှန်စတုဂံကင်မရာအိမ်ထဲမှာ စုစည်းထားတဲ့ပုံစံအဖြစ် တွေ့မြင်ရပါတယ်။

အခုပုံကတော့ Samsung Galaxy A52 ရဲ့ ရှေ့ပြေးပုံစံဖြစ်နိုင်ပါတယ်။ Glossy finish နဲ့ဖြစ်ပြီး ကျောဘက် Panel ကတော့ Glasstic ဖြစ်တယ်လို့ ပြီးခဲ့တဲ့ပေါက်ကြားမှုက ဖော်ပြခဲ့ပါတယ်။ အစောပိုင်းသတင်းတွေကို ကိုးကားမယ်ဆိုရင်တော့ Galaxy A52 ရဲ့ Dimension ဟာ 159.9 x 75.1 x 8.4mm လို့ မှတ်ထားရမှာပါ။

ပေါက်ကြားဓါတ်ပုံက ကြည်လင်ပြတ်သားမှုမရှိတာကြောင့် ကင်မရာတွေရဲ့တည်နေရာကို အကြမ်းဖျင်းပဲ သိနိုင်ပါတယ်။ ထောင့်မှန်စတုဂံကင်မရာအိမ်ထဲမှာ အစက်ငါးခုကိုတွေ့မြင်ရပေမယ့် ကင်မရာလေးလုံးပဲ တပ်ဆင်ထားတယ်လို့ ယူဆရပါတယ်။ အဖြူရောင် အစက်တစ်ခုဟာ LED ဖလက်ရှ်ပဲ ဖြစ်နိုင်ပါတယ်။

အစောပိုင်းသတင်းတွေအရ Galaxy A52 ရဲ့ ကျောဘက်အဓိကကင်မရာဟာ 64MP ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဟန်းဆက်မှာ 3.5mm audio jack နဲ့ Type-C port ကို ထောက်ပံ့ပေးထားကြောင်းသိရှိနိုင်တဲ့ Cutouts တွေကိုလည်းမြင်တွေ့ရပါသေးတယ်။ ပေါက်ကြားဓါတ်ပုံမှာ မျက်နှာပြင်ပိုင်းမပါရှိပေမယ့် 6.5-inch Infinity-O AMOLED display ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Gizmochina