Xiaomi ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအများအပြား ထုတ်လုပ်လာသလို ရောင်းအားကလည်း ယခင်ထက် သိသိသာသာကိုကောင်းလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း တကမ္ဘာလုံးမှာ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတွေထဲက နံပါတ် (၅) နေရာကို ရယူထားနိုင်နေတာလည်းဖြစ်ပါတယ်။

အခုလည်း Xiaomi ရဲ့ CEO Lei Jun ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် Xiaomi ကနေ ရရှိခဲ့တဲ့ဝင်ငွေကို ထုတ်ပြန်ကြေညာခဲ့ပြီး စုစုပေါင်း ယွမ် ၂၀၀ ဘီလီယံကျော် (ဒေါ်လာ ၂၈.၄ ဘီလီယံ) အထိရရှိခဲ့တာဖြစ်ပါတယ်။ ဒီပမာဏက Xiaomi လိုမျိုး ကုမ္ပဏီအတွက်တော့ တကယ့်အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါ။

Lei Jun ရဲ့ ပြောကြားချက်အရတော့ Xiaomi ကုမ္ပဏီကို စတင်တည်ထောင်တဲ့ ၂၀၁၀ အပြီး ၂ နှစ်အကြာ ၂၀၁၂ ခုနှစ်မှ ဝင်ငွေ ယွမ် ၁၀ ဘီလီယံကို စတင်ရရှိခဲ့တာဖြစ်ပြီး ဝင်ငွေ ယွမ် ၁၀၀ ဘီလီယံရရှိတဲ့အချိန်ကလည်း နောက်ထပ် ၅ နှစ်အချိန်ယူခဲ့ရပြီး ၂၀၁၇ ခုနှစ်မှ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ဝင်ငွေ ယွမ် ၂၀၀ ဘီလီယံရောက်ဖို့ နောက်ထပ် ၂ နှစ်ပဲ အချိန်ယူခဲ့ရတဲ့အတွက် ကုမ္ပဏီရဲ့ တိုးတက်မှုက ပိုပြီးမြန်ဆန်လာတာကလည်း သိသာနေပါတယ်။

Xiaomi ဟာ လာမယ့် ၂၀၂၀ အတွက်လည်း R&D ပိုင်းကို ယွမ်ငွေ ၁၀ ဘီလီယံလောက်အထိ အသုံးပြုသွားပြီးတော့ ပိုပြီး ကောင်းမွန်တဲ့စမတ်ဖုန်းတွေနဲ့ Product အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref – Giz China