Lenovo ကထုတ်လုပ်မယ့် Legion ဟာ Gaming စမတ်ဖုန်းဈေးကွက်အတွက် ထူးခြားတဲ့ထုတ်ကုန်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပြီး သူ့မှာ 90W အားသွင်းစနစ်နဲ့ ထူးခြားတဲ့ Cooling နည်းပညာတို့ ပါဝင်ကြောင်းကိုလည်း အတည်ပြုခဲ့ပြီးသားပါ။

ယနေ့မှာတော့ XDA-Developers ကျေးဇူးကြောင့် Lenovo Legion စမတ်ဖုန်းရဲ့ ဓါတ်ပုံအချို့ ထွက်ပေါ်လာခဲ့ပါပြီ။ လှပတဲ့ ဒီဇိုင်းပေါ်မှာမှ အခြားဖုန်းတွေနဲ့ ကွဲပြားတဲ့ဒီဇိုင်းအဖြစ် နောက်ကင်မရာနှစ်လုံးကို ကျောဘက်အလည်တည့်တည့်မှာ တွေ့ရပြီး ဆဲလ်ဖီကင်မရာကို ဘေးတိုက် Pop-up အဖြစ် ထူးထူးခြားခြားထည့်သွင်းပြလာပါတယ်။

ဒါ့ကြောင့် ဒီဖုန်းဟာ ဓါတ်ပုံရိုက်တဲ့ အနေအထားမှာတောင် ဂိမ်းဆော့နေတဲ့ လက်အနေအထားနဲ့ ဘေးတစောင်းကိုင်ထားသလို ရိုက်ရမယ့် ပုံပါပဲ။ Pop-up ဆဲလ်ဖီကင်မရာပေါ်မှာ Legion လိုဂိုထည့်ထားပြီး Flash မီးကိုလည်း ကျောဘက်က ကြယ်ပွင့်ပုံစံဒီဇိုင်းအလည်ခေါင်မှာ တွေ့ရမှာပါ။

Promo ကြေညာချက်အရတော့ သူ့မှာ USB-C Port နှစ်ခုပါပြီး တစ်ခုက ဂိမ်းဆော့နေရင်း အားသွင်းရင် လက်ကို ကြိုးမထိနေအောင် ဖုန်းကိုယ်ထည်ရဲ့ ဘေးဘက်မှာပဲထည့်လာမှာဖြစ်ပါတယ်။ စပီကာနှစ်ခုကိုလည်း ဖုန်းရဲ့ဘယ်ညာမှာ ထည့်လာပြီး ဂိမ်းဆော့နေရင် အပေါ်အောက်ပုံစံဖြစ်သွားမှာပါ။ Lenovo Legion ရဲ့ Concept ဟာ ဂိမ်းဆော့နေချိန် ဖုန်းကို တစောင်းကိုင်ထားတဲ့ အနေအထားပေါ် လုံးလုံးမှီခိုထားတယ်လို့ ဆိုရမှာပါပဲ။

Gaming ဖုန်းဖြစ်တာနဲ့အညီ Specs ပိုင်းမှာလည်း UFS 3.0 Storage, LPDDR5 RAM နဲ့ 144Hz Refresh Rate တို့လို နည်းပညာတွေ မြင်ရမှာပါ။ နောက်ဘက်ကင်မရာက 64MP + 16MP Ultrawide ဖြစ်ပြီး ဆဲလ်ဖီကင်မရာက 20MP ဖြစ်ပါတယ်။

Ref – GSM Arena