Qualcomm ရဲ့ Snapdragon 888 ကို ကြေညာပြီးတဲ့နောက် စမတ်ဖုန်းအမှတ်တံဆိပ်အချို့ကလည်း သူတို့ရဲ့ ဘယ်ထုတ်ကုန်မှာ ဒီ Chipset အသစ်ကို အသုံးပြုထားမယ်ဆိုတာ ကြေညာလာကြပါတော့တယ်။ အခုလည်း ဒီ Chipset သစ်နဲ့ထွက်လာမယ်လို့ ကြေညာလာတဲ့ အမှတ်တံဆိပ်သုံးခုကို ထပ်ပြီးတွေ့ရပါတယ်။

တရုတ်အမှတ်တံဆိပ်တွေဖြစ်တဲ့ Lenovo, Meizu နဲ့ Nubia တို့ဟာ သူတို့ရဲ့တရားဝင် Weibo အကောင့်တွေကနေတစ်ဆင့် Snapdragon 888 ကိုသုံးစွဲမယ့်အစီအစဉ်အကြောင်း ဖော်ပြလာကြတာ ဖြစ်ပါတယ်။ Lenovo ကတော့ သူ့ရဲ့ Legion ဂိမ်းမင်းလိုင်းမှာ Snapdragon 888 ကို အသုံးပြုထားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Lenovo ဟာ လာမယ့်ဒီဇင်ဘာလ ၉ ရက်နေ့မှာ Lenovo K12 စီးရီးအတွက် Event ပြုလုပ်မှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် Flagship SoC နဲ့ Legion ဂိမ်းမင်းဖုန်းကိုလည်း ဒီပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Lenovo ဟာ Snapdragon 888 SoC နဲ့ စမတ်ဖုန်းကို ပထမဦးဆုံး ဈေးကွက်ထဲမိတ်ဆက်သူ ဖြစ်လာနိုင်ပါတယ်။

Meizu ကတော့ Snapdragon 888 နဲ့ စမတ်ဖုန်းကို လာမယ့် ၂၀၂၁ နွေဦးရာသီမှ ဈေးကွက်ထဲကို ပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ကနဦးသတင်းတွေအရ Meizu 18 Max က Snapdragon 888 သုံးထားမယ်လို့ ဖော်ပြထားကြပါတယ်။

Nubia ကလည်း လာမယ့် Z စီးရီးဖုန်းတွေကို Snapdragon 888 နဲ့တွေ့ရမယ်လို့ Teased လုပ်လာပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၂၀၁၉ မှာ မိတ်ဆက်ခဲ့တဲ့ Nubia Z20 ရဲ့ ဆက်ခံသူတွေမှာ ဒီ SoC အသစ်ကို အသုံးပြုထားဖွယ်ရှိတာပါ။

Ref: GSM Arena