Lenovo က ကလေးတွေအတွက် Tab M10 HD Gen 2 တက်ဘလက်ကို ကြေညာလိုက်ပြီး Google ရဲ့ Kids Space ပါတဲ့ ပထမဆုံး တက်ဘလက် ဖြစ်လာပါတယ်။ နောက်လမှာ ရောင်းမှာ ဖြစ်ပြီး ဈေးနှုန်းက ၁၃၀ ဒေါ်လာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး ကလေးနဲ့ မိသားစုတွေ အသုံးပြုလို့ ကောင်းအောင် ဒီဇိုင်း ထုတ်ထားပါတယ်။

Kids Space က Play and Read Tabs မှာ ဆရာတွေ အသိအမှတ် ပြုထားတဲ့ ဂိမ်းနဲ့ စာအုပ်တွေကို အခမဲ့ အသုံးပြုလို့ရသလို Watch and Make Tabs မှာ YouTube Kids က ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါတယ်။ မိဘတွေက သူတို့ရဲ့ ဖုန်းတွေမှာ Family Link App ကို အင်စတော လုပ်ပြီး ကလေးတွေ တက်ဘလက် သုံးတဲ့ အချိန်နဲ့ ကြည့်ရှုတဲ့ အရာတွေကို ကန့်သတ်နိုင်ပါတယ်။

Tab M10 HD မှာ ၁၀.၁ လက်မ 720p IPS LCD မျက်နှာပြင်နဲ့ Dolby Atmos စပီကာ ၂ လုံး ပါပါတယ်။ အရှေ့ဘက်မှာ Face Unlock ပါတဲ့ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ထည့်သွင်းထားပါတယ်။ MediaTek P22T Chipset , 2GB RAM နဲ့ 32GB Storage တွေ ထည့်သွင်းထားတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

4/64GB မော်ဒယ်လည်း ထုတ်လုပ်ထားပြီး RAM ပမာဏ ပိုများတာကို လိုချင်သူတွေအတွက် သင့်တော်ပါတယ်။ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။

Ref : gsmarena