Lenovo ဟာ မကြာခင်မှာ စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကထွက်ပေါ်ခဲ့တဲ့ ပထမဆုံး Teaser တွေပေါ်မှာပဲ အခြေခံမယ်လို့ ယုံကြည်ရပါတယ်။ ဒီဖုန်းသုံးမျိုးဟာ Redmi Note 9 တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်နိုင်မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

Redmi Note 9 စီးရီးကို ဖြန့်ချိပြီးတဲ့နောက်၊ တစ်ပြိုင်နက်ဆိုသလို Lenovo ကလည်း သူ့ရဲ့ စမတ်ဖုန်းသစ်တွေအကြောင်း Teaser ကို Weibo မှာ မျှဝေလာတာလည်းတွေ့ရပါတယ်။ ဒီ Teaser တွေဟာ Lenovo စမတ်ဖုန်းသစ်တွေရဲ့ ဒီဇိုင်းအချို့ကို ဖော်ပြနေပါတယ်။ ပုံအရ မိတ်ဆက်လာမယ့် ဖုန်းတွေ၊ ဒါမှမဟုတ် အနည်းဆုံး တစ်မျိုးဟာ ကျောဘက်ကင်မရာ သုံးလုံးပါဝင်မှာ ဖြစ်ပါတယ်။

စတုရန်းပုံစံကင်မရာအိမ်ထဲမှာ ကင်ရာပုံစံအဝိုင်းပေါက် လေးခုကိုတွေ့မြင်ရပေမယ့် အဲဒီအထဲက တစ်ခုဟာ LED ဖလက်ရှ်သာ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာတော့ Punch-hole တစ်ခုနဲ့အတူ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ တတိယ Teaser ပုံကတော့ ဖုန်းရဲ့ဘယ်ဘက်ခြမ်းကိုပြသပြီး ဘောင်ပေါ်မှာ ခလုတ်တစ်ခုရှိနေပါတယ်။

ဖုန်းအတော်များများမှာတော့ ညာဘက်ခြမ်းဘောင်မှာပဲ ပါဝါခလုတ်ကိုတွေ့မြင်ရပါတယ်။ Lenovo ရဲ့ လာမယ့်ဖုန်းတွေလည်း ဒီအတိုင်းပဲလို့ ယူဆရပါတယ်။ ဒါပေမယ့် အခုမြင်တွေ့ရတဲ့ခလုတ်ဟာ ဘယ်ဘက်ခြမ်းမှာရှိနေတာကြောင့် ဒါဟာ App တစ်ခုခုကို အမြန်ဖွင့်ရာမှာအသုံးပြုဖို့၊ ဒါမှမဟုတ် AI assistant ကို ခေါ်ယူရာမှာ အသုံးပြုဖို့လည်း ဖြစ်နိုင်ပါတယ်။

Teaser မှာပါဝင်တဲ့စာတမ်းတွေကတော့ Redmi Note 9 စီးရီးထက် ပိုကောင်းမွန်တဲ့ ကင်မရာ၊ ပိုကြီးမားတဲ့ မျက်နှာပြင်၊ ပိုလန်းတဲ့ဒီဇိုင်း စတာတွေကို ရည်ညွှန်းထားတယ်လို့ သိရပါတယ်။ Lenovo အနေနဲ့ စမတ်ဖုန်းတွေရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် Moto G9 Power ကို Lenovo K12 Pro အဖြစ်ပြောင်းလဲဖြန့်ချိသလိုပဲလို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina