ပြီးခဲ့တဲ့နှစ်မှာ Tablet ရောင်းအားတွေ ကျဆင်းခဲ့ပေမယ့် အခုနှစ်မှာတော့ ကိုဗစ်ကပ်ဘေးကြောင့် အိမ်တွင်းအောင်းသူ များလာတဲ့အနေအထားမှာ စျေးကွက်ပြန်တက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple iPad တွေက စျေးကွက်ကို ဦးဆောင်ထားတုန်းပါပဲ။ ဒီအခြေအနေကို ပြောင်းလဲဖို့ Android Tablet တွေက အမျိုးမျိုး ကြိုးစားလာကြပြီး အခု Lenovo ရဲ့ Yoga X Tablet ကလည်း ကွဲပြားတဲ့ ချဉ်းကပ်မှုနဲ့ ထွက်လာပြန်ပါပြီ။

XDA Developers အစီရင်ခံချက်အသစ်မှာ Lenovo Yoga X လို့ အမည်ပေးထားတဲ့ Android Tablet ရဲ့ အချက်အလက်တွေကို စတင်တွေ့ရှိခဲ့ပြီး သူ့ရဲ့ဒီဇိုင်းမှာ “Second Screen UX Wireframe” လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဒီ Tablet ဟာ အခြားလက်ပ်တော့၊ စမတ်ဖုန်း ဒါမှမဟုတ် Nintendo Switch တို့လို အရာတွေအတွက် တွဲဖက်အသုံးပြုနိုင်မယ့် ဒုတိယ Display အဖြစ်လည်း အသုံးပြုနိုင်မယ်လို့ သူတို့က ဆိုပါတယ်။

Micro-USB Port တစ်ခုပါလာတဲ့ Tablet ဟာ အခြားစက်တစ်ခုကို ချိတ်ဆက်လိုက်ရင် သူ့ရဲ့ Android OS က အခြား စက်ရဲ့ Display ပေါ်က မြင်ကွင်းကို Locked လုပ်ပြီး ပြသပေးမယ့် ပုံစံပါ။ အဲဒီ Mode နဲ့အသုံးပြုနေရင် ချိတ်ဆက်ပြသနေတဲ့ Display ရဲ့ အသံ၊ Brightness စတာတွေကို Tablet ကနေ ထိန်းချုပ်နိုင်စေမယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ ဒီ Leak ဟာ Concept တစ်ခုလို ဖြစ်နေပြီး တကယ့်ထုတ်ကုန်အဖြစ် စျေးကွက်ထဲ ရောက်လာနိုင်မလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။

Ref – GizmoChina