Xiaomi ဟာ ပထမဆုံးသော Snapdragon 888 Chipset ဖုန်းတစ်လုံးဖြစ်တဲ့ Mi 11 ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပြီး မကြာသေးခင်က ပထမဆုံးရောင်းချမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအသုတ်မှာတင် အလုံးရေ ၃၅၀,၀၀၀ ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Xiaomi ဟာ Mi 11 စမတ်ဖုန်းမှာ Charger ကို ထည့်သွင်းရောင်းချခြင်းမရှိပေမယ့် 55W GaN Charger ကို လောလောဆယ်မှာ စျေးနှုန်းပြောင်းလဲခြင်းမရှိဘဲ Bundle အနေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ 55W GaN Charger ကို သီးသန့်ဝယ်ယူရမယ်ဆိုရင် 99 Yuan (မြန်မာငွေ ၂ သောင်းဝန်းကျင်) ကျသင့်မှာပါ။

အခုအချိန်မှာတော့ Xiaomi ကနေ ရောင်းချခဲ့ရတဲ့ Mi 11 ပေါင်း ၃၅၀,၀၀၀ ကျော်ထဲက အလုံးရေ ၂၀,၀၀၀ ခန့်ပဲ Charger ပါဝင်ခြင်းမရှိတဲ့ “Green Edition” Version ကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Mi 11 ကို ဝယ်ယူသူစုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းခန့်ပဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့သူတွေဖြစ်နေတယ်လို့ ပြောရမှာပါ။

Xiaomi ကတော့ Weibo စာမျက်နှာကနေတစ်ဆင့် Charger ပါဝင်ခြင်းမရှိတဲ့ “Green Edition” ဖုန်းကို ဝယ်ယူတဲ့သူ အယောက် ၂၀,၀၀၀ ကို ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါတယ်။

Apple ဟာ လက်ရှိအချိန်မှာ iPhone နဲ့ Apple Watch တွေမှာ Charger ကို ထည့်သွင်းရောင်းချခြင်းလုံးဝမရှိတော့သလို Xiaomi လိုမျိုးလည်း Bundle အနေနဲ့ ရောင်းချတာမျိုးမပြုလုပ်ခဲ့ပါဘူး။ Xiaomi အနေနဲ့ အခုလိုမျိုး အခမဲ့ Bundle ရောင်းချနေတာက ဘယ်အချိန်မှာရပ်ဆိုင်းမလဲဆိုတာကိုတော့ မသိသေးပေမယ့် ရပ်ဆိုင်းလိုက်မယ်ဆိုရင် Charger ကို သီးသန့်ဝယ်ယူရတော့မှာပဲဖြစ်ပါတယ်။

Ref – Gizmo China