LG ဟာ မိုလ်ဘိုင်းလုပ်ငန်းကို စွန့်ခွာနေပြီဖြစ်ပေမယ့် တောင်ကိုရီးယားရဲ့အချက်အချာကျတဲ့နေရာတွေမှာတော့ သူ့ရဲ့ အရောင်းပြခန်းတွေ တည်ရှိနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်အချိန်အတောအတွင်းမှာ LG အရောင်းပြခန်းတွေအတွင်း Apple ရဲ့ ထုတ်ကုန်တွေကို တွေ့မြင်လာရတော့မယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

မကြာခင်အချိန်အတွင်းမှာ LG ရဲ့ အရောင်းပြခန်းတွေကို နေရာလွတ်တွေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး၊ LG စမတ်ဖုန်းတွေအတွက် ခန့်ထားတဲ့ အရောင်းဝန်ထမ်းတွေတော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် LG နဲ့ Apple တို့ဟာ အဓိကကျတဲ့ အကြောင်းအရာတွေကို ညှိနှိုင်းနေဆဲအဆင့်သာရှိသေးတယ်လို့ Business Korea က ရေ:သား ဖော်ပြထားပါတယ်။

ပထမဦးဆုံးအနေနဲ့ LG အရောင်းပြခန်းထဲက Apple corners တွေကို Apple ဝန်ထမ်းတွေကပဲ စီမံမှာလား၊ ဒါမှမဟုတ် မိခင်စတိုးဆိုင်က LG ဝန်ထမ်းတွေကပဲ ကူညီပေးကြမှာလားဆိုတာပါ။ Apple corner တွေမှာ iPhone တွေ၊ iPad တွေနဲ့ Apple Watches တို့လို ထုတ်ကုန်တွေ ပြသရောင်းချမယ်ဆိုတာကတော့ သေချာနေပါတယ်။

နောက်ထပ်ညှိနှိုင်းနေတဲ့အပိုင်းကတော့ Apple က အခြားထုတ်ကုန်တွေဖြစ်တဲ့ Laptops နဲ့ Desktop တွေကိုလည်း အဆိုပါအရောင်းပြခန်းတွေမှာ ရောင်းချချင်နေတာပါ။ အမေရိကန်ကုမ္ပဏီက တစ်မိုးတည်းအောက်မှာ LG ရဲ့ ကိုယ်ပိုင် Laptop တွေနဲ့အပြိုင် MacBooks တွေကို ရောင်းချချင်တာအတွက် ညှိနှိုင်းမှုအဖြေက ဘယ်လိုထွက်ပေါ်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

လက်ရှိအခြေအနေကတော့ LG အနေနဲ့ သူတို့ရဲ့အရောင်းပြခန်းမှာ MacBook တွေတင်ရောင်းခွင့်ပြုနိုင်တယ်ဆိုပေမဲ့၊ အဆိုပါ Apple corners တွေက ရောင်းလိုက်တဲ့ ကွန်ပျူတာတွေအတွက် ပြုပြင်ထိန်းသိမ်းဝန်ဆောင်မှု ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ Apple ရဲ့ မူနဲ့ ဆန့်ကျင်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် LG စမတ်ဖုန်းတွေ ရောင်းချမှုရပ်တန့်လိုက်မှာဖြစ်တဲ့ လာမဲ့ဇူလိုင်လကုန်ဆုံးချိန်မှာ ညှိနှိုင်းမှုကို အဆုံးသတ်လိုကြောင်း LG Electronic က တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးရားရဲ့ အချက်အချာကျတဲ့နေရာပေါင်း ၄၀၀ ကျော်မှာရှိတဲ့ LG အရောင်းပြခန်းတွေမှာ Apple ရဲ့ လက်လီရောင်းဝယ်မှုဈေးကွက်ကြီး ပေါ်ပေါက်လာမလားဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena