တောင်ကိုရီးယား အခြေစိုက် LG ကုမ္ပဏီမှာလည်း ဖွံ့ဖြိုးလာတဲ့ 5G စျေးကွက်အတွက် Midrange စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ အစီအစဉ် ရှိနေပြီး အခုအခါ Q92 5G ကို စတင် မိတ်ဆက်လာခဲ့ပါပြီ။ Q92 ဟာ အစောပိုင်းက မိတ်ဆက်ထားတဲ့ LG Velvet 5G ရဲ့ စျေးပိုသက်သာတဲ့ ဗားရှင်းလို့ ဆိုရမှာဖြစ်ပြီး ဆင်တူတဲ့ ဒီဇိုင်း အခြေခံကိုလည်း မြင်ရမှာပါ။

LG Q92 5G ဖုန်းမှာ Snapdragon 765G ချစ်ပ်ဆက်နဲ့ 6GB RAM တို့ကို အသုံးပြုထားကာ IP68 နဲ့ MIL-STD-810G စစ်သုံး အကြမ်းခံနိုင်ရည် အတည်ပြုချက်တွေ ရရှိထားတယ်။ နောက်ဘက်မှာ LG Velvet နဲ့ ဆင်တူတဲ့ Quad-cam ကို တွေ့ရမှာ ဖြစ်ပြီး 48MP အဓိက ကင်မရာ၊ 8MP Ultrawide ကင်မရာ၊ 5MP Depth Sensor နဲ့ 2MP Macro တို့ ပါဝင်ပါတယ်။

Q92 ရဲ့ Display အရွယ်က 6.67” ရှိပြီး Velvet နဲ့မတူတာက LCD Panel အသုံးပြုထားတာ ဖြစ်ပါတယ်။ Resolution ကတော့ FHD+ ရရှိနိုင်ပြီး Punch-hole ထဲမှာ 32MP ဆဲလ်ဖီးကင်မရာ ပါဝင်ပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး 15W အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်။

Android 10 OS အခြေခံထားတဲ့ LG UX 9 နဲ့ အသုံးပြုရမယ့် LG Q92 5G ဟန်းဆက်ကို 6/128GB တစ်မျိုးပဲ မိတ်ဆက်လာပြီး ကိုရီးယားဝမ် ၄၉၉,၀၀၀ (မြန်မာကျပ်ငွေ ငါးသိန်းခုနစ်သောင်း) ကျသင့်မှာပါ။ တောင်ကိုရီးယားမှာ ဩဂုတ် ၂၆ ရက်နေ့ စတင်ရောင်းချမှာဖြစ်ပြီး နိုင်ငံတကာ စျေးကွက်ကိုတော့ မသိရသေးပါဘူး။

Ref – GSMArena