မကြာခင်ရက်ပိုင်းကပဲ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ LG ဟာ ၂၀၂၁ ခုနှစ်ပထမနှစ်ဝက်အတွင်း Rollable display နဲ့ စမတ်ဖုန်းကို စတင်မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ LG ဟာ Rollable display တွေကို အစောပိုင်းကတည်းက ပြသလာတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ဒီနည်းပညာကို စမတ်ဖုန်းဆီ ယူဆောင်လာမယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

အခုတော့ Leakster Tron က ဒီ Rollable ရဲ့ အဓိကအချက်အလက်အချို့နဲ့ ဈေးနှုန်းအကြောင်းကို ဖော်ကောင်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ LG Rollable ဟာ 6.8-inch rollable မျက်နှာပြင်ရှိပြီး 7.4-inch အထိ ချဲ့ထွင်နိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။

LG Rollable ဟာ 1080 x 2428 pixels resolution နဲ့ 20:9 aspect ratio ကို ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။ Video mode မှာတော့ 1366 x 2428 pixels resolution နဲ့ 16:9 ကို ထောက်ပံ့မယ်လို့ သိရပါတယ်။ ဒီ Rollable ဟာ Snapdragon 888 mobile platform နဲ့ ဖြစ်ပြီး 16GB of RAM နဲ့အတူ 4,200mAh ထောက်ပံ့ထားပါတယ်။

သတင်းပေါက်ကြားမှုမှာတော့ LG ဟာ သူတို့ရဲ့ Rollable ကို လာမယ့်နှစ် မတ်လမှာ တရားဝင်ရောင်းချဖို့ စီစဉ်ထားကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် မိတ်ဆက်မယ့်ရက်ဟာ ဇွန်လပိုင်းကိုလည်း ရွှေ့ပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။ LG Rollable ရဲ့ဈေးနှုန်းဟာ $2,359 (၃၁ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခြားဆက်စပ်သတင်းတစ်ခုမှာတော့ LG ဟာ Snapdragon 888 သုံး Rainbow ဆိုတဲ့ကုဒ်နာမည်နဲ့ Rollable နဲ့ Q83 အမည်ရှိ Mid-range စမတ်ဖုန်းကို မိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။

Ref: Gizmochina