အခုဆိုရင် Foldable ဖုန်းတွေ များလာပြီလို့ ပြောလို့ရပေမယ့် ဈေးကြီးနေသေးသလို မာကျောမှုကလည်း သိပ်မကောင်းသေးပါဘူး။ ဒါပေမယ့်လည်း ဖုန်း ထုတ်လုပ်သူတွေဟာ ဒီဇိုင်း ဆန်းတဲ့ Foldable ဖုန်း ဒီဇိုင်းတွေကို တီထွင်လာကြပြီး စက္ကူလို ခေါက်လိပ်နိုင်တဲ့ Rollable ဖုန်းတွေကို စတင် ဖန်တီးလာကြပါပြီ။ LG ကလည်း Rollable ဖုန်း ၁ လုံးကို ဖန်တီးနေပြီး LG Rollable လို့ နာမည်ပေးထားမှာပါ။

OPPO က မကြာခင်ကပဲ ဒီဇိုင်း ဆန်းသစ်တဲ့ OPPO X 2021 အမည်ရ Rollable Concept ဖုန်း ၁ လုံးကို ချပြလိုက်ပါတယ်။ မော်တာနဲ့ Rollable မျက်နှာပြင် နည်းပညာကို သုံးကာ ၆.၇ လက်မ ကနေ ၇.၄ လက်မ မျက်နှာပြင်အထိ ဆန့်ထုတ်နိုင်ပါတယ်။ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာ အသစ် ဖြစ်ပါတယ်။ အခုတော့ LG Rollable ဖုန်းကို တောင်ကိုရီးယားရဲ့ Carrier Intranet Database မှာ တွေ့လာရပြီဖြစ်ပြီး မော်ဒယ်နံပါတ်က LM-RN910N ဖြစ်ကာ Unlocked Version ရဲ့ မော်ဒယ်နံပါတ်က OMD-LM-R910N ဖြစ်ပါတယ်။

LG rollable phone

အရင်ပေါက်ကြားသတင်းတွေအရ LG Rollable ဖုန်းမှာ ၇.၄ လက်မ Expandable မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2428×1080 pixels Resolution (20:9) ရှိမှာပါ။ 2428×1366 pixels (16:9) ဗီဒီယို Mode နဲ့ 2428×1600 pixels (3: 2) Productivity Mode ပါလာမှာပါ။ ဘက်ထရီက 4,200mAh ဖြစ်ပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 888 SoC နဲ့ 16GB RAM ပါလာမှာပါ။

Tipster ၁ ယောက်က အဲဒီဖုန်း အလုပ်လုပ်ပုံကိုလည်း မျှဝေထားပြီး ဘေးတစ်ဖက်တစ်ချက်ကနေ မျက်နှာပြင်က ဆန့်ထွက်လာမှာပါ။ ဒါပေမယ့် ထိပ်ဖက်ကတော့ ဆန့်ထွက်လာမှာ မဟုတ်ပါဘူး။ ပေါက်ကြားသတင်းအရ LG ဟာ မျက်နှာပြင်ဘေးဘက်ကို အုပ်မိအောင် Flexible Frame ကို ဖန်တီးမှာ ဖြစ်ပြီး ဖုန်း မတော်တဆ ဆန့်ထွက်လာတာ မဖြစ်အောင် Lock လုပ်လို့ရမှာ ဖြစ်ပါတယ်။

LG တင်မကဘဲ Samsung , TCL နဲ့ OPPO တို့ကလည်း Rollable ဖုန်း ဒီဇိုင်းတွေကို မှတ်ပုံတင်ထားပြီး တခြား ကုမ္ပဏီတွေရဲ့ Rollable ဖုန်းတွေလည်း အနာဂတ်မှာ အပြိုင်အဆိုင်ထွက်လာမှာ သေချာပါတယ်။

Ref : gizmochina