တောင်ကိုရီးယားဘက်ကနေ ထွက်လာတဲ့သတင်းတွေအရ LG ဟာ လာမယ့်မေလထဲမှာ 5G စမတ်ဖုန်းသစ်တစ်မျိုးကို ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီ 5G စမတ်ဖုန်းဟာ တောင်ကိုရီးယားဈေးကွက်အတွက် သီးသန့်ပဲဖြစ်သလို၊ LG အမှတ်တံဆိပ်အနေနဲ့လည်း မဟုတ်ဘဲ အမှတ်တံဆိပ်အသစ်နဲ့ ထုတ်လုပ်ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။

LG အနေနဲ့ G series နဲ့ တူညီတဲ့ အမျိုးအစားကို ထုတ်လုပ်သွားမှာဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွက်ပဲ ဦးတည်ထားတယ်လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ Korean Times ရဲ့ ဖော်ပြချက်အရ ဒီစမတ်ဖုန်းသစ်ဟာ Galaxy S20 ပရီမီယံမော်ဒယ်တွေထက် ဈေးနှုန်းချိုသာမှာဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ တာဝန်ရှိသူကတော့ မေလ ၁၅ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတာကို ငြင်းဆိုခဲ့ပေမယ့် အမှတ်တံဆိပ်သစ်နဲ့ 5G စမတ်ဖုန်းဟာ မေလထဲမှာထွက်ပေါ်လာမယ် ဆိုတာကတော့ သေချာနေပါတယ်။ LG အီလက်ထရောနစ် လုပ်ငန်းစုကြီးအနေနဲ့ ကျရှုံးနေတဲ့ မိုလ်ဘိုင်းကဏ္ဍကို ပြန်ပြီးအဖတ်ဆယ်နိုင်ဖို့ စတင်တဲ့ခြေလှမ်းလို့ ယူဆနိုင်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားကုမ္ပဏီကြီးဟာ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းသက်သာတဲ့ ပရီမီယံအဆင့် စမတ်ဖုန်းတွေ မြောက်များစွာထုတ်လုပ်ပြီး ဈေးကွက်ထိုးဖောက်မှုကို စတင်လာမယ့် မဟာဗျူဟာလို့ ဆိုရမှာပါ။ လက်ရှိသတင်းထွက်ထားတဲ့ စမတ်ဖုန်းကတော့ Snapdragon 765 ဒါမှမဟုတ် 765G Processor ကို အသုံးပြုလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီပရီမီယံစမတ်ဖုန်းဟာ Dual-screen attachment လည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: Gizmochina